အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘာ့ရေနေ့ ၂၀၂၃ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘာ့ရေနေ့ ၂၀၂၃ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မတ် - ၂၂

ကမ္ဘာ့ရေနေ့ ၂၀၂၃ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II)၌ ကျင်းပပြုလုပ်ရာ အမျိုးသား အဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာ စကား ပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်နှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင် စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ တက္ကသိုလ်ကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ရေသယံ ဇာတသည် သက်ရှိအားလုံးအတွက် အခြေခံအကျဆုံးသဘာဝ အရင်းအမြစ်ဖြစ်ပြီး လူသားများအတွက် စားရေရိက္ခာ၊ သောက်သုံးရေနှင့် ဇီဝမျိုးစုံမျိုးကွဲများ အပါအဝင် ဂေဟစနစ်ကို အထောက်အပံ့ပြုလျက်ရှိပါကြောင်း၊ ရေကိုအလေအလွင့်မရှိ စနစ်တကျ အကျိုးရှိအောင် အသုံးပြုရမည်ဖြစ်ပြီး လူတိုင်းလက်လှမ်းမီရရှိသုံးစွဲနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် လူဦးရေတိုးတက်လာခြင်း၊ မြို့ပြများနှင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ရေလိုအပ်မှုသည် တိုးတက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲလာမှုနှင့် လူသား များ၏ပယောဂများကြောင့်  ရေသယံဇာတနှင့်ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေအရင်းအမြစ်များလျော့နည်းလာနေပါကြောင်း၊ ရေအရင်းအမြစ် လျော့နည်းလာမှုကို ဖြေရှင်းကြရန်အတွက် ကမ္ဘာ့နိုင်ငံများ အားလုံးက ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်နေကြရသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။

ထို့ကြောင့် ရေသယံဇာတနှင့်ပတ်သက်ပြီး အားလုံးအလေးထား ဂရုပြုနိုင်ကြ စေရန် နှစ်အလိုက်အထူးပြု အကြောင်းအရာဆောင်ပုဒ်များ “Theme”များ သတ်မှတ် ပြီး ကမ္ဘာ့ရေနေ့အခမ်းအနားများကို ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ ရေနေ့ ၂၀၂၃ အတွက် အထူးပြုအကြောင်းအရာ “Theme” မှာ ရေဆိုင်ရာလိုအပ် ချက်များ ဖြည့်ဆည်းရေးကို ရည်မှန်းချက်ထားသည့် အရှိန်အဟုန်မြှင့်ရှေ့သို့ ကြိုးပမ်းပြောင်းလဲ ဆောင်ရွက်ခြင်း Accelerating Change ” ပင်ဖြစ်ပါကြောင်း။

 “ရေအသက်တစ်မနက်” ဆိုသည့် စကားနှင့်အညီ ရေသည်လူများ၏ အသက် တမျှ အဓိကကျပါကြောင်း၊ ရေလုံလောက်စွာမရရှိပါက လူသားများ၏ စားဝတ် နေရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့မှအစ ဘက်ပေါင်းစုံတွင် ထိခိုက်ဆုံးရှုံးစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံအသီးသီးအနေဖြင့် မိမိတို့၏ ပြည်သူပြည်သား များ အန္တရာယ်ကင်းသည့် ရေကောင်းရေသန့်လုံလုံလောက်လောက်ရရှိရန် ကြိုးပမ်း လုပ်ဆောင်နေကြရပါကြောင်း၊ ရောဂါဖြစ်စေသည့် ပစ္စည်းများကင်းစင်ပြီး အန္တရာယ် ရှိသည့် ဓာတုပစ္စည်းများလုံးဝမပါဘဲ အရောင်အဆင်းအနံ့အရသာကင်းသည့် ရေ မဟုတ်ပါက ညစ်ညမ်းသည့်ရေ၊ သုံးစွဲရန်မသင့်သည့့်ရေဟု သတ်မှတ်ရမည်ဖြစ်ပါ ကြောင်း၊ ရေညစ်ညမ်းမှုသည် သဘာဝကြောင့် ဖြစ်နိုင်သကဲ့သို့ လူများ၏ ပယောဂ များကြောင့်လည်း ဖြစ်နိုင်ခြင်းကြောင့် သန့်ရှင်းသည့်ရေအရင်း အမြစ်ဖြစ်အောင် ထိန်းသိမ်းကြဖို့နှင့် ညစ်ညမ်းသည့် ရေမဖြစ်အောင် သတိပြုကြရန် အရေးကြီးပါ ကြောင်း။

ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းသည် ရေများဖုံးလွှမ်းလျက်ရှိသော်လည်း အဆိုပါရေပမာဏ၏ ၉၆ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ပင်လယ်၊ သမုဒ္ဒရာများ ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချို၊ ပြန်လည် ပြည့်ဖြိုးမြဲရေဖြစ်ပြီး ထိုအထဲတွင် ဝင်ရိုးစွန်းများတွင်ရှိသည့် ရေခဲတောင်၊ ရေခဲပြင်များ သည် ၆၈ ရာခိုင်နှုန်းနှင့် မြေအောက်ရေ ၃၀ ရာခိုင်နှုန်းခန့် ရှိနေသည်ကို လေ့လာ သိရှိရပါကြောင်း၊ ထို့ကြောင့် မြေပြင်ပေါ်တွင်ရှိသည့် ရေအားလုံး၏ သုညဒသမ ၅ ရာခိုင်နှုန်းလောက်သာ ရေချိုဖြစ်သည်ကို လေ့လာသိရပါကြောင်း။

မိမိတို့နိုင်ငံတွင် မြစ်ချောင်းများ၊ အင်းအိုင်များ၊ သဘာဝရေထွက်များစသည့် ပုံစံအမျိုးမျိုးဖြင့် ရေချိုအရင်းအမြစ်များ များပြားခြင်းကြောင့် တစ်ကမ္ဘာလုံး ရေချိုပိုင် ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိသည်ဟု သိရသည့်အတွက် ရေချိုပေါများသော နိုင်ငံဟုဆိုရမည်ဖြစ်ပါကြောင်း၊ အချို့နိုင်ငံများတွင် ရေချိုမလုံလောက်သဖြင့် ပင်လယ် ရေငန်ကို ပြုပြင်သုံးစွဲရတာမျိုး၊ စွန့်ပစ်ရေဆိုးကို ပြန်လည်ပြုပြင်သုံးစွဲနေရခြင်း မျိုးများရှိနေသည်ကိုလည်း အားလုံးအသိဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံတွင်လည်း သဘာဝရေအရင်းအမြစ်ကြွယ်ဝသည် ဆိုသော်လည်း အချို့နေရာဒေသများတွင် သောက်သုံးရေအခက်အခဲ မလုံလောက်သည့် ပြဿနာများ ရှိနေပါကြောင်း၊ အထူးသဖြင့် အပူပိုင်းအညာဒေသ၊ မိုးခေါင်ရေရှားဒေသတချို့တွင် နွေရာသီကာလ၌ သောက်သုံးရေအခက်အခဲများရှိနေပါကြောင်း၊ ထို့ပြင်အဆိုပါ ကျေးလက်ဒေသများ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင်လည်း ရေအခက်အခဲကြောင့် လူမှုစီးပွားဘဝအဆင်မပြေမှုများရှိ နေပါကြောင်း။

မိမိတို့ မြန်မာများ၏ ဆိုရိုးစကား၌ “ရေကုသိုလ် ” ဆိုပြီး တန်ဖိုးထားပြောဆိုကြ သကဲ့သို့ လူသားများအတွက် ရေသည်မရှိမဖြစ် အရေးကြီးကြောင်းကို “ရွှေကိုမလို၊ ရေကိုသာလိုသည်” ဆိုသည့် စကားအတိုင်းရေကို ရွှေလိုတန်ဖိုးထားကြရန်လည်း အသိပေးမှာကြားလိုပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် “တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် ပြည်သူလူထုဗဟို ပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွား မည်”ဆိုသည့် ရှေ့လုပ်ငန်းစဉ်နှင့်အညီ ပြည်သူလူထုအတွက် ရေရရှိရေးနှင့် ရေအရင်း အမြစ်ထိန်းသိမ်းရေးများကို ဦးစားပေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ရေရှားပါးသည့် ဒေသများတွင် သောက်သုံးရေအတွက် စိမ့်စမ်းရေကို သွယ်တန်းပေးခြင်း၊ အဝီစိတွင်းများ တူးဖော်ပေးခြင်း၊ ဆည်တာတမံများ ဆောက်လုပ် ၍ ထိန်းသိမ်းပေးခြင်း၊ မြစ်ရေတင်စီမံကိန်းများ‌ ဖော်ဆောင်ပေးခြင်း၊ မြေအောက်ရေ ထိန်းတမံများ ဆောက်လုပ်ပေးခြင်း စသည့်ရေရရှိနိုင်မည့် နည်းလမ်းမျိုးစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အချို့သောမိုးများသည့် ပင်လယ်ကမ်းရိုး တန်းဒေသများတွင် မိုးရာသီသာ ရေချိုပေါများပြီး နွေရာသီတွင် ရေချိုရှားပါးမှု အခက် အခဲများရှိပါကြောင်း၊ အဆိုပါဒေသများတွင် ရေကိုစနစ်တကျသုံးစွဲခြင်း၊ မိုးရေကို ရနိုင်သမျှသိုလှောင်ခြင်း၊ မြေအောက်ရေကို နည်းလမ်းတကျ တူးယူသုံးစွဲခြင်းများ နှင့် ဖြေရှင်းကြရမည်ဖြစ်ပါကြောင်း၊ အလားတူ စိုက်ပျိုးမွေးမြူရေးအတွက် ရေကိုရယူသုံးစွဲ ရာတွင် ဆည်မြောင်းစနစ်များမှရယူခြင်း၊ မြေအောက်ရေကို ထုတ်ယူခြင်းများတွင် လိုအပ်သလောက်ကိုသာ ရယူသုံးစွဲကြရန် ရေကိုထိထိရောက်ရောက်နှင့် အဟောသိကံ မဖြစ်အောင် ချွေတာသုံးစွဲကြရန် လိုအပ်ပါကြောင်း၊ သက်ရှိသတ္တဝါများအတွက် ရေလုံလောက်စွာရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဦးစားပေး ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

ရေအရင်းအမြစ်သည် လူသားများကို သောက်သုံးရေနှင့် စိုက်ပျိုးမွေးမြူရေး အတွက်သာမက အရေးကြီးသည့် ကဏ္ဍဖြစ်သော သယ်ယူပို့ဆောင်ရေး အတွက်သည် လည်း အရေးပါကြောင်း၊ ရေကြောင်းခရီးဖြင့် သွားလာခြင်း၊ ပို့ဆောင်ခြင်းများတွင် လွယ်ကူမြန်ဆန်ထိရောက်ခြင်းကြောင့် မြစ်ချောင်းများမတိမ်ကောရေး ဂရုပြုထိန်း သိမ်းကြရန်လိုအပ်ပါကြောင်း။

ရေရှားပါးမှုဖြစ်ရခြင်းသည် ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီး ပူနွေး လာခြင်း၊ စိမ်းလန်းစိုပြည်မှုမရှိခြင်း၊ သစ်ပင်သစ်တောများ ပြုန်းတီးခြင်းစသည့် သဘာဝဝန်းကျင် ပျက်စီးယိုယွင်းမှုများနှင့် ဆက်စပ်နေပြီး အပြန်အလှန်သက်ရောက် မှုကိုလည်း ဖြစ်စေပါကြောင်း၊ နေ့စဉ်စားဝတ်နေရေးအတွက် သစ်ပင်သစ်တောများကို ခုတ်ယူသုံးစွဲမှုများကြောင့် သစ်တောများ ကွယ်ပျောက်ပြီး ရာသီဥတုဆိုးရွားခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားခြင်းများ ဖြစ်လာပါကြောင်း၊ ရာသီဥတုကို သဘာဝက ဖန်တီးခြင်း ဖြစ်သောကြောင့် သဘာဝဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သစ်ပင်သစ်တောများ ထူထောင်ရေးကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ရေဝေ ရေလဲဒေသများနှင့် သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်သွားကြမည်ဆိုပါက ရေရှားပါးမှုအခက်အခဲများ သက်သာစေပြီး ရာသီဥတုနှင့် ကျန်းမာရေးကိုပါ အထောက် အကူဖြစ်စေသည်ကို သတိထားပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရန် မှာကြားလို ပါကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများနှင့် ရေဆိုင် ရာအခက်အခဲပြဿနာများကို ဖြေရှင်းနိုင်ရန် အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲရေးဗဟိုကော်မတီ၊ အမျိုးသားအဆင့်ရေအရင်း အမြစ်ကော်မတီ၊ အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုကော်မတီတို့ကို စနစ်တကျ ဖွဲ့စည်းပြီး ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို တစ်စတစ်စ ပိုမိုခံစားလာရ ခြင်းကြောင့် ဆိုးကျိုးသက်ရောက်မှုများ လျော့ပါးသက်သာစေရန် မိမိတို့အားလုံး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ရာသီဥတုဆိုင်ရာမူဝါဒများနှင့် ရေနှင့်ဆက်နွှယ်သည့် မူဝါဒများချမှတ်ရာတွင် ရေနှင့်ပတ်သက်ပြီး အလေးထားစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရေသယံဇာတသည် ရာသီဥတုပြောင်းလဲမှုကို ခုခံရန် အတွက် လက်နက်ကောင်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေရှည်တည်တံ့ပြီး ကုန်ကျစရိတ် သက်သာသည့် ရေပေးဝေမှုနှင့် သန့်ရှင်းမှုဆိုင်ရာနည်းလမ်းများကို ရှာဖွေ အသုံးပြုကြရမည်ဖြစ်ပါကြောင်း။

ရေအသုံးပြုသူများအကြား ရေရှည်တည်တံ့သည့် ရေအသုံးချမှုနှင့် ပတ်သက် သော အသိပညာ၊ ဗဟုသုတ၊ နည်းပညာ၊ ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးတိုင်ပင်မှု၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ရေနှင့်လျှပ်စစ်ကို ချွေတာသုံးစွဲရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်များ စိုက်ပျိုးမှုတွင်ပါဝင်ဆောင်ရွက်ရန်၊ ရေအရင်းအမြစ် များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ရှောင်ရှားကြရန် မေတ္တာရပ်ခံလိုပါကြောင်း။

ယခုနှစ် ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် ဆောင်ပုဒ်အတိုင်းရေလို အပ်ချက်များကို အရှိန်အဟုန်ဖြင့် ဖြည့်တင်းနိုင်ရေးအတွက် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ဦးဆောင်ပြီး ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိရာတွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်နေသည့် မိတ်ဆွေနိုင်ငံများ၊ အစိုးရမဟုတ်သည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများအနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်အလေးထား ဆောင်ရွက်ပေးကြရန်၊ ဒေသအားလုံးရှိ သက်ရှိသတ္တဝါများအားလုံး ရေလုံလောက်မှိုရှိစေရေး အမျိုးသားရေးကိစ္စအဖြစ် ဆောင် ရွက်ပေးကြရန်၊  ရေဆိုင်ရာလုပ်ငန်းများသည် ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကကျသည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားသော ရေရှည်ဖွံ့ဖြိုး တိုးတက်ရန် ရည်မှန်းချက်များ (Sustainable Development Goals) ကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အားလုံးဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးကြရန်၊ မိမိတို့ နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် “ ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ ” ဆိုသည့် အတိုင်း ကဏ္ဍစုံတွင် မိမိတို့လိုချင်သည့် ပန်းတိုင်များသို့ရောက်အောင် တက်ညီ လက်ညီ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ်ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အမျိုးသားအဆင့်ရေအရင်းမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊  ဒုတိယ ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကမ္ဘာ့ရေနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိခဲ့သူများကို ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတေ်ာစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် ဗီဒီယိုကိုကြည်ရှုကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်း အမှတ် ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ကမ္ဘာ့ရေနေ့ ၂၀၂၃ အခမ်းအနားကို နိုင်ငံတော်၏ ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ရေကဏ္ဍနှင့်သက်ဆိုင်သည့် ဆောင်ရွက်ချက်များ၊ ရေဆိုင်ရာအခက်အခဲပြဿနာများ၊ ဖြေရှင်းရန်နည်းလမ်းများကို အများသိရှိသတိပြု စေရန်၊ ရေနှင့်ဆက်နွယ်သက်ဆိုင်သူများအား အသိပညာပေးရန်နှင့် ပူးပေါင်းဆောင် ရွက်ရေးအတွက် လှုံ့ဆော်ရန်၊ ရေနှင့်ဆက်နွယ်သည့် နိုင်ငံတကာလှုပ်ရှားဆောင်ရွက် မှုများတွင် မြန်မာနိုင်ငံ၏ အလေးထားပါဝင်ဆောင်ရွက်မှုကို ပေါ်လွင်စေရန် စသည့် ဦးတည်ချက် ၃ ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။