အမြင်စွမ်းအားဗီတာမင်အေချို့တဲ့ခြင်း

အမြင်စွမ်းအားဗီတာမင်အေချို့တဲ့ခြင်း

အမြင်စွမ်းအားကိုပေးနိုင်စွမ်းတဲ့ ဗီတာမင်အေဟာ နေ့စဉ်အစားအသောက်ထဲမှာ ပါဝင်ပါတယ်။ ရောဂါကာကွယ်ရာမှာ ဗီတာမင် အေနဲ့ကယ်ရိုတင်းကြွယ်ဝတဲ့ အစားအစာများ စားသုံးပေးခြင်း၊ အင်အားပြင်းဗီတာမင်အေဆေးများ သောက်သုံးခြင်း၊ အစာမှာ ဗီတာမင်အေအာဟာရဖြည့်စွမ်းပေးခြင်းတို့လုပ်ဆောင်ဖို့လိုအပ်မှာဖြစ်တယ်။

ဗီတာမင်အေနဲ့ ကယ်ရိုတင်းကြွယ်ဝတဲ့ အစားအစာများစားသုံးခြင်းမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများပေါများဖို့လိုအပ်သလို၊   ဗီတာမင်အေချို့တဲ့မှုများတဲ့ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနဲ့ ကလေးသူငယ်များဟာ အစိမ်းရင့်ရောင်ဟင်းရွက်များ၊ အဝါရောင်အသီးအနှံများ၊ သစ်ဥသစ်ဖုများ လုံလောက်စွာ စားပေးသင့်ပါတယ်။

မိခင်ဟာ ဗီတာမင်အေကြွယ်ဝတဲ့အစားအစာ စားသုံးပေးရင် နို့စို့ကလေးတွေဟာ မိခင်နို့မှဗီတာမင်အေ ဓာတ်လုံလောက်စွာ ရရှိမှာဖြစ်တယ်။ မိခင်နို့ချိုတိုက်ကျွေးခြင်းဟာ ဗီတာမင်အေချို့တဲ့ ရောဂါအတွက် အရေးကြီးကဏ္ဍမှပါဝင်တယ်။ အသည်း၊ ဥအမျိုးမျိုး၊ နို့နဲ့နို့ထွက်အစာတွေကို ကလေးသူငယ်များ မကြာခဏ ကျွေးသင့်ပါတယ်။ အားပြင်းတဲ့ ဗီတာမင်အေဆေးများ သောက်သုံး ပေးခြင်းကလည်း လိုအပ်တဲ့ဗီတာမင်အေ ရရှိနိုင်ပါတယ်။ ဆေးတစ်လုံးမှာ ယူနစ်နှစ်သိန်းပါဝင်တဲ့ အင်အားပြင်း ဗီတာမင်အေဆေးလုံးကို အချိန်မှန်တိုက်ကျွေးခြင်းမှ ဗီတာမင်အေချို့တဲ့ ရောဂါကာကွယ်နိုင်ပါတယ်။ မီးဖွားပြီးစမိခင်ကို ဗီတာမင် အေယူနစ်နှစ်သိန်း တစ်ကြိမ်သာတိုက်ရပြီး ခြောက်လမှ တစ်နှစ်အရွယ်ကလေးကို ယူနစ်တစ်သိန်း တစ်ကြိမ်တိုက်သင့်ပါတယ်။

(၁-၅)နှစ်အရွယ်ကလေးကို  ယူနစ်နှစ်သိန်း(သို့)လူကြီးတိုက်သလို တိုက်ကျွေးခြင်းက ငါးနှစ်အောက်ကလေးများ ဗီတာမင်အေချို့တဲ့ ဖွံ့ဖြိုးမှုမှ  ကာကွယ်နိုင်ပါတယ်။ ပရိုတင်းအင်အား၊ အသားဓာတ်ချို့တဲ့ ရောဂါဖြစ်နေတဲ့ကလေးများ၊ ဝက်သက်ပေါက်ကလေးများ၊ နာတာရှည်ဝမ်းပျက်ဝမ်းလျှော ကလေးများကို အင်အားပြင်းဗီတာမင်အေ ခြောက်လတစ်ကြိမ် တိုက်ကျွေးထားဖို့ လိုအပ်ပါတယ်။

ဗီတာမင်အေချို့တဲ့ရောဂါဟာ ငယ်စဉ်ကလေးဘဝမှ ကြိုတင်ပြင်ဆင်မထားရင် အရွယ်ရောက်လို့ အပျိုဖော်ဝင်ချိန်၊ လှချင်ပချင်တဲ့ အချိန်တွေမှာ ခက်ခဲမှုနဲ့ရင်ဆိုင်ကြရပါတယ်။ အသက်အရွယ်နဲ့ အချိန်အခါကို နောက်ပြန်လှည့်မရနိုင်သလို သဘာဝအလှတရားကို လက်လွှတ်ဆုံးရှုံးမှုဖြစ်စေနိုင်ပါတယ်။

အစားအသောက်မှာ ဗီတာမင်အေအာဟာရ ဖြည့်စွမ်းပေးခြင်းမှာ ဗီတာမင်အေကြွယ်ဝတဲ့ ဂျုံ၊ သကြား၊ အချိုနဲ့ပြုလုပ်ထားတဲ့မုန့် စတဲ့ အစားအစာတွေ ဖြည့်စွက်စားသုံးသင့်ပါတယ်။ ဗီတာမင်အေချို့တဲ့ ရောဂါကုသရာမှာ မျက်စိမှာ ဗီတာမင်အေချို့တဲ့ရောဂါ လက္ခဏာ တွေ့ရသူများသာ ဗီတာမင်အေဆေးလုံးကို တစ်ကြိမ်မှာ ယူနစ်နှစ်သိန်းသောက်သုံးသင့်ပါတယ်။

နှစ်ပတ်တစ်ကြိမ် သောက်သုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်၊ ကိုယ်ဝန်ရှိ၊ မရှိမသေချာတဲ့ အမျိုးသမီးများကို အင်အားပြင်း ဗီတာမင်အေ မတိုက်သင့်ပါ။ဗီတာမင်အေထိုးဆေးကို ပြောင်းလဲသုံးစွဲသင့်ပါတယ်။ အစားအသောက်မှာ အမဲအသည်း၊ ဝက်အသည်း၊ ဘဲဥ၊ ကြက်ဥ၊ ဆူးပုပ်ရွက်၊ မဲဇလီရွက်၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပွင့်၊ သရက်သီးမှည့်၊ ပန်းသီးတို့ကိုဖြည့်စွက်စာအဖြစ် စားသုံးပေးသင့်ပါတယ်။  အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဟင်းနုနယ်ရွက်၊ မုန်ညင်း၊ ကိုက်လန်၊ ဒန့်သလွန်ရွက်တို့မှာ သံဓာတ်၊ ဘီတာကယ် ရိုတင်းဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဖောလိပ်နဲ့ ကယ်ဆီယမ်ဓာတ်တို့ အပြည့်ပါဝင်တာကြောင့် အသက်အရွယ်ရသူများ၊ အတွင်း တိမ်ဖြစ်နိုင်ခြေရှိသူများမှာ လူတင်ဓာတ်များပါဝင်မှုကြောင့် အထူးသင့်လျော်ပါတယ်။

မျက်လုံးအမြင်ဓာတ် ကျန်းမာသန်စွမ်းကောင်းမွန်စေဖို့ ဗီတာမင်ငါးမျိုးနဲ့ အခြားဓာတ်သုံးမျိုးလိုအပ်ပါတယ်။ ဗီတာမင်အေ၊  ဗီတာမင်ကေ၊ ဗီတာမင်စီတို့ဖြစ်ပြီး လိုင်ကိုပင်းဓာတ်၊ လူတိန်းဓာတ်၊ ဘီတာကယ်ရိုတင်းဓာတ်တို့ လိုအပ်ပါတယ်။ အင်တီ အောက်စီဒင့်တစ်မျိုးဖြစ်တဲ့ ဗီတာမင်အေဟာ မျက်လုံးမှအလင်းရောင်ကို လက်ခံတဲ့အခါ မျက်ကြည်လွှာကိုဖြတ်ကာ ဝင်ရောက် လာတဲ့ အလင်းရောင်ပမာဏကို ထိန်းညှိပေးနိုင်တဲ့ အဓိကဗီတာမင်အေ ဖြစ်တယ်။ ဗီတာမင်အေဓာတ်ချို့တဲ့တဲ့အခါ ကြက်မျက် သင့်ရောဂါ၊ မျက်ခွံရောင်ရောဂါ၊ မျက်ကြည်လွှာအနာ ရောဂါတို့ခံစားရပါတယ်။ ဗီတာမင်အေကို အနီရောင်ရှိတဲ့အသီးအနှံများဖြစ်တဲ့ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ချယ်ရီသီး၊  စတော်ဘယ်ရီသီး၊  ဆီးသီးတို့မှရရှိပြီး စားသုံးစေခြင်းက မျက်စိအမြင်လွှာအပြင်ဘက် ကောင်းမွန်စေပါတယ်။

ဗီတာမင်ကေဓာတ်ဟာ ခန္ဓာကိုယ်တွင်းရှိသွေးများကို သန့်စင်စေတဲ့အပြင် ပေါ့ပါးဖျတ်လတ်စေတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့အာဟာရဓာတ်များကို ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို စနစ်တကျရောက်ရှိစေဖို့ ပြုလုပ်ပေးပြီး သွေးခဲတဲ့ဖြစ်စဉ်ကို ကူညီပေးပါတယ်။ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတို့မှာ ဗီတာမင်ကေကြွယ်ဝစွာ ပါဝင်ပါတယ်။

ဗီတာမင်ဒီမှာ အရိုးသန်မာလို့ လိုအပ်တဲ့ ကယ်ဆီယမ်နဲ့ ဖော့စဖရပ်တို့ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုအတွက် အရေးကြီးဆုံးဗီတာမင်ဖြစ်တယ်။ ကယ်ဆီယမ်နဲ့ ဖော့စဖရပ်ဟာ မျက်လုံးကြွက်သားများ သန်မာစေဖို့ ကူညီပေးနိုင်ပြီး ချို့တဲ့ပါက မျက်စိမှုန်ခြင်း၊ အရိုးပျော့ခြင်း ဖြစ်စေတယ်။

ဗီတာမင်စီကို အအေးမိ၊ နှာစေး၊ တုပ်ကွေးဖြစ်တဲ့အခါ သောက်သုံးလေ့ရှိကာ မျက်စိအတွက် အားဆေးဖြစ်ကာ ကြည်လင် တောက်ပစေတယ်။ ဗီတာမင်စီကို ချဉ်တဲ့သစ်သီးများ၊ ကန်စွန်းဥ၊ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ ခရမ်းချဉ်သီး၊ သံပရာသီးတို့မှရရှိနိုင်ပါတယ်။ ဗီတာမင်အီးမှာ အင်တီအောက်စီဒင့်ဓာတ်ပေးစွမ်းနိုင်တဲ့ အဓိကဗီတာမင်ဖြစ်တယ်။ အမြင်အာရုံကို ကောင်းမွန်စေပြီး ကိုယ်ခံ စွမ်းအားကောင်းမွန်စေတယ်။ မျက်လုံးရဲ့ တစ်သျှူးနဲ့ဆဲလ်များ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင် ရေထုညစ်ညမ်းမှုမှ ဖြစ်ပေါ်စေတဲ့ အညစ်အကြေးများမှကာကွယ်ပေးတယ်။ ထောပတ်သီး၊ သစ်ကြားသီး၊ ငါးကြီးဆီ၊ မြေပဲဆီတို့မှ ရရှိနိုင်ပါတယ်။

လိုင်ကိုပင်းဓာတ်က မျက်လုံးရဲ့ လုပ်ငန်းဆောင်တာများကို ကူညီထိန်းချုပ်ပေးနိုင်တယ်။ မျက်လုံးကို ဖရီးရယ်ဒီကယ်များ ဝင်ရောက် ခြင်းမှ ကင်းဝေးအောင် ကာကွယ်ပေးနိုင်ပြီး အမြင်အာရုံကြည်လင်စေပါတယ်။ မျက်လုံးရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး လိုင်ကိုပင်းဓာတ်ကို လုံလောက်စွာရရှိပါက အရွယ်မတိုင်ခင် မျက်စိမှုန်ခြင်း၊ အားနည်းခြင်းတို့ မဖြစ်နိုင်ပါဘူး။ မျက်တောင်ပုတ်ခတ်၊ ပုတ်ခတ်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးတယ်။ လိုင်ကိုပင်းဓာတ်ကို အနီရောင်အသီးအနှံမှရရှိနိုင်လို့ ရွေးချယ်စားသုံးသင့်ပါတယ်။

လူတိန်းဓာတ်တစ်မျိုးကလည်း မျက်လုံးရဲ့ လုပ်ဆောင်မှုများ စနစ်တကျဖြစ်စေမှုအတွက် အထူးအရေးပါတယ်။ ခန္ဓာကိုယ်ဟာ လူတိန်းဓာတ်ကို ထုတ်လုပ်ပေးပေမယ့် လုံလောက်စွာမရတာကြောင့် ဖြည့်စွက်စာကို စားသုံးပေးသင့်ပါတယ်။ ဘီတာကယ်ရို တင်းဓာတ်ဟာ မျက်လုံး ကျန်းမာစေဖို့ အကူအညီပေးပြီး လူတိန်းဓာတ်နဲ့ပေါင်းရင် ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးနိုင်ပါတယ်။

အာရှဒေသ မြန်မာနိုင်ငံမှာလည်း ဗီတာမင်အေချို့တဲ့မှု၊ အာဟာရချို့တဲ့မှုများ ကြုံတွေ့နေရပြီး ထပ်ဖြည့်အာဟာရများနဲ့အတူ ဗီတာမင်အေ အားဆေးတောင့်နဲ့သန်ချဆေး ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခြေခံပညာကျောင်းတွေမှာ သြဂုတ်လရက်သတ္တပတ်ကို ကျောင်းကျန်းမာရေးရက် သတ္တပတ်သတ်မှတ်ကာ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်း နဲ့ဗီတာ မင်အေဆေးတောင့်၊ သန်ချဆေးကျွေးခြင်း ရက်သတ္တပတ် ပါဝင်ပါတယ်။ ဗီတာမင်အေကြောင့် အမြင်ဆုံးရှုံးမှုဘေးကင်းဝေးစေဖို့     ရည်ရွယ်ပါတယ်။   ။

ဒေါက်တာလွင်သန့်