အမှိုက်ပုံဟောင်းနေရာကို စိုက်ပျိုးမွေးမြူရေးခြံအဖြစ် ပြောင်းလဲခြင်းကြောင့် ထိုင်းမိသားစုများဝင်ငွေရ

 

ချင်းမိုင်၊ ပြည်တွင်းရေး

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ အမှိုက်ပုံဟောင်းနေရာကို စိုက်ပျိုးမွေးမြူရေးခြံအဖြစ် ပြောင်းလဲလိုက်ခြင်း ကြောင့် ကမ္ဘာ့ကပ်ရောဂါကာလတွင် ဆင်းရဲသောထိုင်းမိသားစု များအနေဖြင့် ဝင်ငွေရရှိ သကဲ့သို့ စားနပ်ရိက္ခာကိုလည်း ဖူလုံစေကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါလုပ်ငန်းသည် အခြားမြို့များရှိမြေလွတ်နေရာများတွင် အလားတူ စိုက်ပျိုးမွေးမြူရေး ခြံများ လုပ်လာနိုင်စေသည့် စံပြုပုံစံဖြစ်ကြောင်း မြို့ပြကျွမ်းကျင် ပညာရှင်များက ဇန်နဝါရီ ၇ ရက်တွင် ပြောသည်။

ဘန်ကောက်မြို့မှ ကီလိုမီတာ ၇၀၀ ကွာဝေးသည့် ချင်းမိုင်မြို့ရှိ အဆိုပါစိုက်ပျိုး မွေးမြူရေးခြံသည်   ပြီးခဲ့သည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ် ရေးအတွက် တစ်နိုင်ငံလုံးကိုလော့ဒေါင်းချ သည့်အချိန်၌     ရုပ်လုံးပေါ်လာခြင်းဖြစ်သည်။

ထိုသို့လော့ဒေါင်းချချိန်တွင် ခရီးသွားလုပ်ငန်းများအပေါ် မှီခိုအားထားနေရသည့်  ဒေသခံအများအပြားမှာ   အလုပ်လက်မဲ့ ဖြစ်သွားကြောင်းသိရသည်။

ထိုအချိန်တွင်   အလုပ်လက်မဲ့ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးအတွက် မြေနေရာလွတ်ကို စိုက်ပျိုးမွေးမြူရေးခြံအဖြစ် ပြောင်းလဲနိုင်ရန် ချင်းမိုင်မြို့ရှိ  ဗိသုကာပညာရှင် တစ်ဦးက တာဝန်ရှိသူများထံတင်ပြခြင်း ဖြစ်သည်။

ကနဦးတွင် ထိုမြေလွတ်နေရာများကို သစ်ပင်များစိုက်ခြင်းဖြင့် လေထုညစ်ညမ်းမှုကို   လျှော့ချသွားရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း၊ သို့သော် ကပ်ရောဂါကာလတွင် ဆင်းရဲသောမိသားစုများသည် နေ့စဉ် ဝင်ငွေ၏ထက်ဝက်ကျော်ကို အစားအစာအတွက် အသုံးပြုနေရသောကြောင့် ဝင်ငွေကျဆင်းလာ ကြောင်းနှင့် အဆိုပါစိုက်ပျိုး မွေးမြူရေးခြံသည် ထိုမိသားစုများအနက် တချို့တစ်ဝက်ကို အသက်ဆက် စေနိုင်မည်ဖြစ်ကြောင်း ဗိသုကာပညာရှင်ကပြော သည်။

တာဝန်ရှိသူများက အဆိုပါစိုက်ပျိုး မွေးမြူရေးခြံလုပ်ငန်းကို အတည်ပြုပြီးနောက် လူမှုကွန်ရက်မှ တစ်ဆင့် အကူအညီ တောင်းခံခဲ့ရာ ဒေသခံများက အပင်များ၊  မျိုးစေ့များနှင့်မြေသြဇာများကို လာရောက် လှူဒါန်းကြောင်း ဗိသုကာပညာရှင် ဆူပါဝတ်ကပြောသည်။

ဆူပါဝတ်နှင့်အဖွဲ့သည်အမှိုက်ပုံမှ အမှိုက်တန်ချိန်ပေါင်း ၅၇၀၀ ကိုရှင်းလင်းကာ   ပျက်စီးနေသောမြေကို ပြုပြင်ရန် အပေါ်ယံမြေဆီလွှာကိုထပ်ဖြည့်ပြီးမှ စိုက်ပျိုးရေးကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အိမ်ခြေယာမဲ့မိသားစုများ၊ အစိုးရ စာသင်ကျောင်းတစ်ကျောင်းမှ ကျောင်းသားများနှင့် ပြည်သူအချို့က ခရမ်း၊ ပြောင်းဖူး၊ ငှက်ပျော၊ ပီလောပီနံ၊ ငရုတ်၊ ခရမ်းချဉ်သီး၊ ကိုက်လန်နှင့် ဟင်းခတ်အမွှေးအကြိုင် အပင်များကိုစိုက်ပျိုးထားကြောင်း သိရသည်။

Ref: TST