အရာထင်ခဲ့ပြီဖြစ်သည့် အိန္ဒိယ၏ရေပြာရေတပ်ဆီသို့ နှစ် ၂၀ ကြာကြိုးပမ်းမှု (၂)

အရာထင်ခဲ့ပြီဖြစ်သည့် အိန္ဒိယ၏ရေပြာရေတပ်ဆီသို့ နှစ် ၂၀ ကြာကြိုးပမ်းမှု (၂)

INS Vikrant လို့ အမည်ပေးရတဲ့အကြောင်းရင်း

အိန္ဒိယရေတပ်မှာ ယခင်တုန်းက INS Vikrant ဆိုတဲ့နာမည်နဲ့ လေယာဉ်တင် သင်္ဘော တစ်စင်းရှိခဲ့ဖူးပါတယ်။ တန်ချိန် ၁၉၅၀၀ ရှိတဲ့ အဲဒီလေယာဉ်တင်သင်္ဘောဟာ အိန္ဒိယနိုင်ငံ အတွက်တော့ အမြတ်တနိုး ဖြစ်ရတဲ့အထိပါပဲ။

အိန္ဒိယနိုင်ငံဟာ INS Vikrant ကြောင့် နိုင်ငံတကာရေတပ်တွေကြားမှာ ခေါင်းမော့ ရင်ကော့နိုင်ခဲ့ပေမယ့် ၁၉၉၇ ခုနှစ်မှာတော့ သူ့ကိုတာဝန်ကနေအနား ပေးလိုက်ရပါတယ်။  သူ့ကိုခိုင်းလာတဲ့ သက်တမ်းကလည်းအလွန်ကြာပြီလေ။

သက်တမ်းကြာဆို အိန္ဒိယက သူ့ကို ဗြိတိန်နိုင်ငံကနေ ၁၉၆၁ ခုနှစ်မှာ ဝယ်ယူထားတာပါ။ သူ့အတွက်အထင်ကရပြယုဂ်ကတော့ ယနေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်ပေါက်လာစေခဲ့တဲ့ ၁၉၇၁ ခုနှစ် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲမှာ အကျော်အမော်အဖြစ် ပါဝင်ခဲ့ခြင်းပါပဲ။

အဲဒီအချိန်တုန်းက ဘင်္ဂလားပင်လယ်အော်ထဲမှာနေရာယူထားခဲ့တဲ့   INS Vikrant ဟာ တိုက်လေယာဉ်အုပ်နှစ်အုပ်၊ ကင်းထောက်လေယာဉ် တစ်စင်းတို့နဲ့အတူ တိုက်ပွဲဝင်ပြီး ဆိပ်ကမ်းတွေ၊ ကုန်သွယ်သင်္ဘောတွေနဲ့ တခြားပစ်မှတ်တွေကို ပစ်ခတ်ချေမှုန်းနိုင် ခဲ့တဲ့အပြင် ပါကစ္စတန်တပ်ဖွဲ့တွေအနေနဲ့ ရေလမ်းကြောင်းကနေမဝင်လာ နိုင်စေဖို့ကို လည်း တားမြစ်နိုင်ခဲ့ပါတယ်။

ဒီလိုစွမ်းဆောင်ရည်တွေကြောင့် INS Vikrant ဟာ အိန္ဒိယရေတပ်သမိုင်းမှာ အထင်ကရ အဖြစ်ကျန်ရှိနေခဲ့ပြီး အခု တစ်ခါမှာတော့ ပြည်တွင်းဖြစ် ပထမဆုံးလေယာဉ်တင် သင်္ဘောကို INS Vikrant လို့ ဂုဏ်ယူစွာအမည်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။

တပ်ဆင်မယ့်လက်နက်တွေ

ခေတ်သစ် INS Vikrant မှာ ဘယ်လို လက်နက်စနစ်တွေတပ်ဆင်သွားမယ်၊ ဘယ်လို လေယာဉ်တွေကို တင်ဆောင် အသုံးပြုသွားမယ်ဆိုတာကို ရေတပ်က တရားဝင် မထုတ်ပြန်ထားသေးပါဘူး။

ဒါပေမဲ့လည်း INS Vikrant ဟာ လက်ရှိအသုံးပြုနေတဲ့ တန်ချိန် ၄၄၅၀၀ ရှိ INS Vikramaditya နဲ့တန်းတူဖြစ်တဲ့အတွက် တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေအပါအဝင် လေယာဉ်အစင်းပေါင်း ၃၄ စင်းကို တင်ဆောင်တိုက်ပွဲဝင်နိုင်ဖွယ်ရှိပါတယ်။

အစောပိုင်းတုန်းက ရေတပ်က ထုတ်ပြန်ထားတာတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ INS Vikrant သာတပ်တော်ဝင်ပြီးရင် ရေတပ်အတွက် အင်အားအတောင့်တင်းဆုံးသော ပင်လယ်ပြင် အခြေပြုစစ်စခန်း ဖြစ်လာမယ်ဆိုတာပါပဲ။

ဒီအတွက်ကြောင့် INS Vikrant ဟာ ရုရှားနိုင်ငံထုတ် MiG-29K တိုက်လေယာဉ်တွေနဲ့ Kamov-31 လေကြောင်းကြိုတင်သတိပေး ရဟတ်ယာဉ်တွေကို အသုံးပြုသွားနိုင်ပါတယ်။

အဲဒီလေယာဉ်နှစ်မျိုးစလုံးဟာ လက်ရှိ INS Vikramaditya မှာ အသုံးပြုနေတဲ့ဟာတွေပါ။ ဒါကြောင့် INS Vikrant အနေနဲ့ သူ့ထက်မသာတောင် သူ့ထက်မလျော့တဲ့ လက်နက်တွေ ကို အသုံးပြုသွားဖွယ်ရှိပါတယ်။

INS Vikramaditya မှာ အသုံးမပြုတဲ့လက်နက်တွေအနေနဲ့ အမေရိကန်နိုင်ငံ လော့ဟိမာတင် ကုမ္ပဏီထုတ် MH060R Seahawk ဘက်စုံသုံးရဟတ်ယာဉ်နဲ့ ဟိန္ဒူစတန် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ အဆင့်မြင့် အပေါ့စားရဟတ်ယာဉ်တို့ကို လည်း INS Vikrant က  တင်ဆောင်အသုံးပြုသွားဦးမှာပါ။

အဓိကအားဖြင့် နိုင်ငံကနေ အလွန်ဝေးကွာတဲ့နေရာမှာ ထူးခြားသာလွန်တဲ့ လေကြောင်း စွမ်းပကားကို ထုတ်ဖော်ပြသနိုင် လာလိမ့်မယ်လို့ ရေတပ်ကထုတ်ပြန်ထားပါသေးတယ်။

အဲဒီစွမ်းပကားတွေထဲမှာ ဝေဟင်ပိတ်ဆို့ တားမြစ်ခြင်း၊ မြေပြင်စစ်ဆင်ရေးဆောင်ရွက် ခြင်း၊ တိုက်စစ်အပြုအမူနဲ့ ခံစစ်အပြုအမူရှိတဲ့ တန်ပြန်လေကြောင်းတိုက်ခိုက်ရေး၊ လေကြောင်းချီ ရေငုပ်သင်္ဘောစစ်ဆင်ရေးနဲ့ လေကြောင်းချီ ကြိုတင်သတိပေးရေးတို့ ပါဝင်ပါတယ်။

နောက်ထပ်လေယာဉ်တင်သင်္ဘောတွေ တည်ဆောက်ဦးမှာလား

အခုဆိုရင် အိန္ဒိယရေတပ်မှာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်နိုင်တဲ့ လေယာဉ်တင် သင်္ဘောနှစ်စင်းအထိ ရှိလာတော့မှာဖြစ်ပါတယ်။

ရေပြာရေတပ်အဖြစ်ကို ရရှိရေးအတွက် အဲဒီနှစ်စင်းနဲ့ လုံလောက်လားမေးရင်တော့ မလုံလောက်ဘူးလို့ပဲ ဖြေရမှာပါ။ ဒီအတွက်ကြောင့်လည်း အိန္ဒိယရေတပ်က နိုင်ငံအတွက်  တတိယမြောက် လေယာဉ်တင်သင်္ဘောနဲ့ ပြည်တွင်းဖြစ် ဒုတိယမြောက် လေယာဉ်တင် သင်္ဘောကိုတည်ဆောက်ခွင့်ပေးဖို့ ၂၀၁၅ ခုနှစ်ကတည်းက တင်ပြတောင်းခံထားပါတယ်။

တကယ်လို့သာ သူတို့ရဲ့တင်ပြချက်ကို အစိုးရကခွင့်ပြုပေးလိုက်ရင် ပြည်တွင်းဖြစ် ဒုတိယမြောက် လေယာဉ်တင်သင်္ဘောက တန်ချိန် ၆၅၀၀၀ ရှိမှာဖြစ်ပြီး INS Vikrant နဲ့ INS Vikramaditya တို့ထက် အရွယ်အစားအားဖြင့်များစွာကြီးမားမယ့် INS Vishal ဖြစ်လာမှာပါ။

ဒီလိုတည်ဆောက်ခွင့်ရရှိဖို့အတွက်လည်း ဘာကြောင့် နိုင်ငံအတွက်တတိယမြောက် လေယာဉ်တင်သင်္ဘော လိုအပ်တယ်ဆိုတာကို အစိုးရအနေနဲ့ သိရှိလက်ခံလာစေဖို့ ရေတပ်က အစိုးရကိုနားချနေပါတယ်။

အိန္ဒိယရေတပ်ဟာ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်အောင် အချည်ခံထားရတဲ့ တပ်ဖွဲ့ အဖြစ်ကို အရောက်မခံနိုင်ပါဘူးလို့ ရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ကာရမ်ဘီယာ ဆင်းက ပြီးခဲ့တဲ့နှစ်ရေတပ်မတော်နေ့မှာ ပြောထားပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့အင်အားကိုပြသဖို့ဆိုရင် သမုဒ္ဒရာတွေကို ဖြတ်ကျော်သွားလာနိုင် ဖို့လိုအပ်ပြီး ဒီလိုသွားလာနိုင်ဖို့ကလည်း လေယာဉ်တင်သင်္ဘောတွေရှိမှ ဖြစ်မယ်လို့ ရေတပ်အရာရှိတွေက ပြောထားပါသေးတယ်။

အိန္ဒိယ တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဘီပင်ရာဝက်ကတော့ အဲဒီလို လေယာဉ်တင် သင်္ဘောတွေတည်ဆောက်မယ့်အစား လာရှက်ဝိကျွန်းနဲ့ အန်ဒမန်ကျွန်းတို့ကို ရေအောက် မနစ်မြုပ်နိုင်တဲ့ ရေတပ်စခန်းတွေအဖြစ်   ပြောင်းလဲဖို့ အကြံပြုထားပါတယ်။

ဒါပေမဲ့လည်း ကျယ်ပြောလှတဲ့ အိန္ဒိယသမုဒ္ဒရာဒေသကြီးကို ကာကွယ်ဖို့အတွက်ဆိုရင် လေကြောင်းစွမ်းအားနဲ့ နေ့ရောညပါ အမြဲမပြတ် ထောက်ပံ့ပေးနေဖို့လိုအပ်မှာဖြစ်ပြီး တတိယမြောက် လေယာဉ်တင်သင်္ဘောဟာ အနာဂတ်မှာအရေးပါတဲ့ ရေတပ်ရဲ့ စွမ်းပကားကို တိုးတက်စေမယ်လို့ ရေတပ်မှတာဝန်ရှိသူတွေက တုံ့ပြန်ထားပါတယ်။

ဒါတင်မကသေးပါဘူး။ အခုဆိုရင် အိန္ဒိယနိုင်ငံမှာ ကိုယ့်နိုင်ငံအတွက် လိုအပ်တဲ့ လေယာဉ်သင်္ဘောကို ထုတ်လုပ်နိုင်စွမ်းရှိနေပြီဖြစ်တာကြောင့် ဒီအရည်အချင်းတွေကို အလဟဿ မဖြုန်းတီးသင့်ဘူးလို့လည်း ရေတပ်ကဆိုထားပါသေးတယ်။

အခုဆိုရင် အမေရိကန်နိုင်ငံမှာ လေယာဉ်တင်သင်္ဘော ၁၁ စင်းရှိပါတယ်။ အိန္ဒိယနဲ့ အိမ်နီးချင်းတရုတ်နိုင်ငံမှာဆိုရင် လက်ရှိ လေယာဉ်တင်သင်္ဘော   နှစ်စင်းရှိပြီးဖြစ်ပေမယ့် နောက်တစ်စင်းကို တည်ဆောက်နေပါတယ်။ ဒါ့အပြင် နောက်ထပ်နှစ်စင်းကို လည်းလာမယ့် ၁၀ နှစ်အတွင်းမှာ တပ်တော် သွင်းနိုင်အောင်လုပ်ဆောင်ပါသေးတယ်။

အကယ်၍များ အခုချိန်မှာ ပြည်တွင်းဖြစ် ဒုတိယမြောက် လေယာဉ်တင်သင်္ဘောတည် ဆောက်ခွင့်ကိုပေးမယ်ဆိုရင်တောင်မှ အဲဒီသင်္ဘောကို တပ်တော်သွင်းနိုင်ဖို့အတွက် နောက်ထပ် ၁၀ နှစ်စောင့်ရဦးမယ်လို့ ရေတပ်ကထောက်ပြထားပါတယ်။

နှစ်၂၀ကျော်ကြာခရီးလမ်းကြမ်း

အိန္ဒိယနိုင်ငံအနေနဲ့ ကိုယ့်ပြည်တွင်းမှာပဲ လေယာဉ်တင်သင်္ဘောကိုတည်ဆောက်ထုတ် လုပ်နိုင်အောင်ကြိုးပမ်းမှုအတွက်ကြာချိန်က နှစ်ပေါင်း ၂၀ ကျော်ရှိပါတယ်။ ပထမဆုံး အနေနဲ့ အိန္ဒိယအစိုးရက ၁၉၉၉ ခုနှစ်မှာ Project-P71 ကိုခွင့်ပြုပေးခဲ့ပါတယ်။ အဲဒီ စီမံကိန်းကလေကြောင်း ရန်ကာကွယ်ရေး သင်္ဘောတည်ဆောက်မယ့်စီမံကိန်းပါ။

၂၀၀၃ ခုနှစ်မှာတော့ အိန္ဒိယအစိုးရက လေယာဉ်တင်သင်္ဘော တည်ဆောက်မယ့်စီမံ ကိန်းကို သဘောတူခွင့်ပြုပေးလိုက်ပါတယ်။ အဲဒီအတွက် လေကြောင်းရန်ကာကွယ် ရေးသင်္ဘော တည်ဆောက်မယ့်စီမံကိန်းက ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော တည်ဆောက်မယ့် စီမံကိန်းအဖြစ် ပြောင်းလဲသွားပြီလို့ ရေတပ်က ၂၀၀၆ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။

ဒီလိုနဲ့ တည်ဆောက်မှုလုပ်ငန်းကို စတင်လာခဲ့ရာမှာ ၂၀၀၉ ခုနှစ်အရောက်မှာတော့ ပုံစံအကြမ်းပေါ်လာခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ ရေလုံလွန်းကျင်းကနေ အပြင်ကိုထုတ် လာကာ ၂၀၁၃ ခုနှစ်မှာ ရေချခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ဆိပ်ကမ်း ဆိုက်ကပ်မှုနဲ့ စက်ပိုင်းဆိုင်ရာအခြေအနေတွေကို လက်တွေ့စမ်းသပ် စစ်ဆေးမှုတွေလုပ်ပါတယ်။

INS Vikrant ဟာ ဝင်ရိုးနှစ်ခုအပေါ်မှာ မြင်းကောင်ရေ ၁၁၀၀၀၀ အားကိုထုတ်ပေး နိုင်မယ့်  ဓာတ်ငွေ့တာဘိုင်လေးလုံးကို တပ်ဆင်ထားပါတယ်။ အခု ၂၀၂၁ ခုနှစ် သြဂုတ်လမှာတော့ ပင်လယ်ပြင် စမ်းသပ်ခုတ်မောင်းမှုကို စတင်လုပ်ဆောင်လိုက်ပါပြီ။    ဒီလိုစမ်းသပ် ခုတ်မောင်းမှုကို လာမယ့် ခြောက်လကနေ ခုနစ်လအထိလုပ်ဆောင်မှာပါ။

ပြီးရင်တော့ သင်္ဘောတည်ဆောက်ရေးအဖွဲ့က သူတို့ရဲ့လေယာဉ်တင်သင်္ဘောကို ရေတပ်ဆီ လွှဲပေးသွားမှာဖြစ်ပြီး ရေတပ်က စမ်းသပ်ခုတ်မောင်းမှုတွေ လုပ်ဆောင်ပါ ဦးမယ်။

၂၀၂၂ ခုနှစ် သြဂုတ်လမှာတော့ INS Vikrantကိုတပ်တော်သွင်းဖို့လျာထားပြီး အဲဒီနောက်ပိုင်း သူနဲ့အတူလိုက်ပါမယ့် လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို စမ်း သပ်မှုတွေ လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။