အရေးယူပိတ်ဆို့မှုများ ချမှတ်ခံရသည့် ရုရှားနှင့် တရုတ်က ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်မည်

အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ခံရသည့် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည် ဖြစ်ကြောင်း တရုတ်အစိုးရက ဧပြီ ၂၆ ရက်တွင်ထုတ်ပြန်သည်။

တရုတ်နိုင်ငံက တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း၊ တရုတ်နှင့်ရုရှားနိုင်ငံတို့ အနေဖြင့် ကျယ်ပြန့်သော    ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို   ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်ပတ်သက်လာလျှင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အမေရိကန်အစိုးရက ယခုလအတွင်း တရုတ်နှင့် ရုရှားနိုင်ငံတို့အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီးနောက် တရုတ်အစိုးရ၏  ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

၂ဝ၂ဝ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားအစိုးရက ဝင်ရောက်စွက်ဖက်မှုများ ရှိသည်ဟု  ဂျိုးဘိုင်ဒင်အစိုးရက စွပ်စွဲကာ အမေရိကန်ဘဏ်များ အနေဖြင့် ရုရှားနိုင်ငံမှ   ငွေတိုက်စာချုပ်များ ဝယ်ယူခြင်း မပြုရန် တားမြစ်ထားကြောင်း သိရသည်။