အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၂

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ကျောက်တိုင် အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် မန္တလေးတပ်နယ်အသင်းနှင့် သရက်တပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများ ကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုတံဆိပ်များ၊ အသင်းလိုက်ဆုရရှိသူများနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် မေ ၂၆ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။