အသက် ၁၁၂ နှစ်ရှိ ပေါ်တိုရီကိုနိုင်ငံသား ကမ္ဘာ့အသက် အကြီးဆုံး အမျိုးသားဖြစ်လာ

ပေါ်တိုရီကိုနိုင်ငံမှ   အသက်  ၁၁၂ နှစ်နှင့် ၃၂၆ ရက်ရှိပြီဖြစ်သည့်  အမ်မီ လီယိုဖလောရက်မားကက် ဆိုသူ အဘိုးအိုသည် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား ဖြစ်လာကြောင်း ဂင်းနစ်ကမ္ဘာ့မှတ်တမ်း အဖွဲ့က ဇွန် ၃ဝ ရက်တွင် ကြေညာသည်။

မားကက်ကို ဆန်ဟွမ်မြို့အရှေ့ဘက် ကာရိုလိုင်းနားဒေသ၌ ၁၉ဝ၈ ခုနှစ်တွင် မွေးဖွားခြင်းဖြစ်ပြီး အဆိုပါ မွေးဖွားရာနေရာမှ ကီလိုမီတာ အနည်းငယ်မျှသာ ကွာဝေး သော ၎င်း၏နေအိမ်၌ ဂင်းနစ်အဖွဲ့၏ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် အသိ အမှတ်ပြုလက်မှတ်ကို လက်ခံရရှိခြင်း ဖြစ်သည်။

မားကက်က  ၎င်းအနေဖြင့်ယခုကဲ့သို့ အသက်ရှည်ရစွာ နေရသည့် အကြောင်းရင်းမှာ လူတိုင်းကို မေတ္တာကရုဏာ ထားမှုကြောင့် ဖြစ်သည်ဟုဆိုသည်။

မားကက်၏ဖခင်က ချစ်ခြင်းမေတ္တာများဖြင့် ကျွေးမွေးစောင့်ရှောက်ပြီး လူတိုင်းကို ချစ်ခင်ရန်လည်း သင်ကြားခဲ့ကြောင်း၊ ၎င်း အနေဖြင့် အစ်ကိုများနှင့် အစ်မများကိုလည်း ကောင်းသောအရာများသာ ပြုလုပ်ရန် အမြဲ တိုက်တွန်းပြောဆိုခဲ့ကြောင်း မားကက်ကပြောသည်။

မွေးချင်းညီအစ်ကို မောင်နှမ ၁၁ ဦး အနက် ဒုတိယအကြီးဆုံးနှင့် ပထမဆုံးသား ယောက်ျားလေး ဖြစ်သော မားကက်အနေဖြင့် ကြံစိုက်ပျိုးရေးကို လုပ်ဆောင်ကာ အတန်း ကျောင်းကို သုံးနှစ်သာ တက်ဖူးသည်။

ယခင်က ကမ္ဘာ့အသက်အကြီးဆုံးအမျိုး သားအဖြစ် မှတ်တမ်းတင်ခံရသူမှာ ရိုမေး နီးယားနိုင်ငံသား ဒူမစ်ထရူကိုမန်နတ်စကူ ဖြစ်ပြီး ၎င်းသည် အသက် ၁၁၁ နှစ်နှင့် ၂၁၉ ရက်ဖြင့်  မှတ်တမ်းတင်ခံရခြင်းဖြစ်ကာ ၂ဝ၂ဝ ပြည့်နှစ် ဇွန် ၂၇ ရက်တွင် ကွယ်လွန်သွားကြောင်း သိရသည်။