အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၂) အစည်းအဝေးကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၂) အစည်းအဝေးကျင်းပ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား              

နေပြည်တော်၊ စက်တင်ဘာ - ၂၃

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၂)ကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

        အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗဟိုကော်မတီဝင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ နှင့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နာယကတို့ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့့်တက်ရောက်ကြသည်။

        ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အစည်းအဝေးတစ်ခုဖြစ်ကြောင်း၊ ယခင်ကအကြောင်းအမျိုးမျိုးကြောင့် အစည်းအဝေးမပြုလုပ်နိုင်ခဲ့သော်လည်း အသေး စား၊ အငယ်စားနှင့် အလတ်စားဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင် ရွက်သင့်သည်များကို အမြဲမပြတ်မှာကြားခဲ့ခြင်းကြောင့် လုပ်ဆောင်နိုင်သည့် ကိစ္စရပ် များလည်း များစွာရှိခဲ့ကြောင်း၊ ယခင်က SME ဟုအသုံးပြုခဲ့သော်လည်း ယခုအခါ အဓိပ္ပါယ် ပိုမိုလေးနက်စေရေးအတွက် MSME ဟုပြောင်းလဲသတ်မှတ်အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေး တိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် MSME စီးပွားရေးလုပ်ငန်းများသည် ၉၀ ရာခိုင်နှုန်းကျော်ခန့် ပါဝင်လျက်ရှိသည်ကို လေ့လာချက်များအရတွေ့ရှိရကြောင်း။

မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့အစိုးရတာဝန်ယူပြီး နောက်ပိုင်းတွင် မူဝါဒများချမှတ်ဆောင်ရွက်ခဲ့ရာ စီးပွားရေးနှင့်ပတ်သက်၍ ဦးတည် ချက် ၃ ရပ် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ၃ ရပ်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်‌ရေး တို့ပင်ဖြစ်ကြောင်း၊ အဆိုပါအချက်များမှ တတိယအချက်သည် နိုင်ငံတော်မှပြည်တွင်းစီးပွားရေးကို အားပေးကူညီရန်ဖြစ် ကြောင်း။

MSME လုပ်ငန်းများသည်ပြောင်းလဲနေသည့် ဈေးကွက်လိုအပ်ချက်များကို လုပ်ငန်းကြီးများထက် ပိုမိုလျင်မြန်စွာ တုန့်ပြန်ပြောင်းလဲနိုင်စွမ်းရှိနေသည်ကို တွေ့ရ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြပြီး ကျေးလက်စီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ ပြီးဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်မှုများနှင့် စက်မှုလုပ်ငန်းများသည် ထိရောက်သည့်စီးပွားရေး လုပ်ငန်းများပင်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း အဓိကသီးနှံများဖြစ် သည့် ဆန်၊ ဂျုံ၊ ပြောင်း၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် စက်မှုသီးနှံများဖြစ်သည့် ရာဘာ၊ ဝါ၊ ကြံ၊ ဆေးရွက်ကြီး၊ ဂုန်လျှော်နှင့်  တိုင်းရင်းဆေးပစ္စည်းများထုတ်လုပ်သည့် ပရဆေး ပင်များကို စိုက်ပျိုးကြကြောင်း၊ မွေးမြူရေးလုပ်ငန်းတွင်လည်း အဓိကစားသုံးသော အသားငါးများဖြစ်ကြသည့် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးများကို မွေးမြူကြကြောင်း၊ အလားတူ မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက် သယံဇာတပစ္စည်းများလည်း များစွာ ရှိကြောင်း၊ သစ်ပင်သစ်တောထွက်ပစ္စည်းများ၊ ထုံးကျောက်၊ သံမဏိ၊ ကျောက်မီးသွေး၊ အဖိုးတန် ကျောက်မျက်ရတနာများ၊ ခဲမဖြူ၊ အဖြိုက်နက်စသည့် သယံဇာတပစ္စည်း များရှိကြောင်း၊ အဆိုပါ သယံဇာတပစ္စည်းများကို MSME ဖြင့်ဆောင်ရွက်နိုင်မည် ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း။

MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းသည် ပုဂ္ဂလိကကို ဗဟိုပြုသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းပင်ဖြစ်သည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် ပုဂ္ဂလိက အခန်းကဏ္ဍ၊ လူတစ်ဦးချင်း၏အခန်းကဏ္ဍသည် တိုင်းပြည်တစ်ခု၏ အဓိကမောင်းနှင်အားဖြစ် ကြောင်း၊ သို့သော် ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် လုပ်ငန်းများ နှင့်  လတ်တလော ပုဂ္ဂလိက ရင်းနှီးမှုလုပ်ဆောင်ရန်အတွက် အင်အားနည်းနေသေး သည့် လုပ်ငန်းများကို မဆုံးရှုံးစေရန်အတွက် အစိုးရအနေဖြင့် ပါဝင်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို စီးပွားရေးနှင့်ပတ်သက်၍ အစိုးရမှ အချို့သော အခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ရမှုများရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လည်း နိုင်ငံ၏အခြေအနေအရ လိုအပ်သည့်အခန်းကဏ္ဍများတွင် အစိုးရအနေဖြင့် ပါဝင်ဆောင်ရွက်နေရဦးမည်ဖြစ်ကြောင်း။

MSME လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုကို အဓိကထားသည့် စီးပွားရေး လုပ်ငန်း၊ ရောင်းဝယ်ဖောက်ကားခြင်းကို အဓိကထားသည့် စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်ခြင်းကို အဓိကထားသည့် စီးပွားရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းများ ဟူ၍ လေးမျိုးရှိသည်ဟု လေ့လာချက်များအရတွေ့ရှိရ ကြောင်း၊ အဆိုပါအချက်များအနက် ကုန်ထုတ်လုပ်မှုကိုအခြေခံသည့်လုပ်ငန်းသည် လက်တွေ့ကျသည့် လုပ်ငန်းရပ်ဖြစ် ကြောင်း၊ ကုန်ထုတ်လုပ်မှုမရှိပါက ရောင်းဝယ်မှုနှင့် ၎င်းနှင့်ဆက်စပ်လျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံတွင် MSME ၏ အခြေခံဖြစ်သည့် SME  ဥပဒေကို ၂၀၁၅ ခုနှစ်တွင် လွှတ်တော်၌ ပြဋ္ဌာန်းခဲ့ ပြီး မူဝါဒများနှင့် နည်းဥပဒေများ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ဥပဒေ၊ နည်းဥပဒေ နှင့် မူဝါဒများကိုချမှတ်ပြဋ္ဌာန်းခြင်းသည် လုပ်ငန်းများကို ခိုင်ခိုင်မာမာဆောင်ရွက်ရန်ဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုများ အားနည်းခဲ့မှုကြောင့် ပြည်သူများ အနေဖြင့်လည်း အထင်အမြင်လွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းများတွင် ယုံကြည်မှု ရရှိရန်လိုအပ်သဖြင့် MSME ကိုအဓိကထားဆွေးနွေးခြင်းပင်ဖြစ်ကြောင်း၊ မိမိ၏ စီးပွားရေးနှင့်ပတ်သက်သည့် မူဝါဒမှာ ပြည်တွင်း စီးပွားရေးကိုအားပေးခြင်းနှင့် ကုန်ထုတ်လုပ်မှုကို အားပေးခြင်းပင်ဖြစ်ကြောင်း၊  တိုင်းပြည်၏အားသည် ပြည်တွင်း မှာသာရှိကြောင်း၊ ပြည်ပအားကို အားကိုးခြင်းထက် ပြည်တွင်းအားဖြင့် ဆောင်ရွက် ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း၊ ပြည်တွင်းအားဖြင့်ဆောင်ရွက်ရာတွင်လည်း အကျိုးရှိ ထိရောက်သည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တိုင်းပြည်၏ စီးပွားရေးကို ပြည်တွင်းစီးပွားရေးအားဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရှိပြီးသားဖြစ်သည့် အခြေခံများကို ခိုင်ခိုင်မာဖြစ်အောင်ဆောင်ရွက်၍ တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

ကုန်ထုတ်လုပ်မှုဆိုရာတွင် မိမိလေ့လာသိရှိမှုအရ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လုပ်အားတို့သည် အဓိကလိုအပ်ချက်ပင်ဖြစ်ကြောင်း၊ ကုန်ကြမ်းရှိမှ သာ ကုန်ပစ္စည်းများထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ လျှပ်စစ်ဓာတ်အားနှင့် လောင်စာ (Power & Energy )သည်လည်း လိုအပ်ကြောင်း၊ ‌ငွေကြေးအရင်းအနှီးများ ရှိမှသာ လုပ်ငန်းများကိုဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ ကျွမ်းကျင်လုပ်သားများရှိမှသာ လုပ်ငန်းများ လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် MSME လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကုန်ကြမ်းရရှိရန်သေချာသည့် စိုက်ပျိုးရေး နှင့် မွေးမြူရေးထွက်ကုန်များကိုအခြေခံသည့် တန်ဖိုးရှိပစ္စည်း၊ တန်ဖိုးမြင့်ပစ္စည်းများ ကိုထုတ်လုပ်ခြင်း၊ ဒေသတွင်းရှိ မြေပေါ်မြေအောက်သယံဇာတပစ္စည်းများကို အခြေခံ သည့် တန်ဖိုးရှိနှင့် တန်ဖိုးမြင့်ပစ္စည်းများကိုထုတ်လုပ်ခြင်းများကို  အခြေခံကျကျထုတ် လုပ်ရန်လိုကြောင်း၊ မြို့ပြနှင့်ကျေးလက်ကွာဟမှု၊ ဒေသတစ်ခုနှင့်တစ်ခု ကွာဟမှု ကျဉ်းမြောင်းအောင် ပြုလုပ်ပေးရန် လိုအပ်သည်ကို မိမိအနေဖြင့် မကြာခဏ ပြောကြားခဲ့ကြောင်း၊ မြို့ပြနှင့် ကျေးလက်ကွာဟမှုကြောင့် ကျေးလက်နေပြည်သူများ မြို့ပြသို့သွားရောက်၍ အလုပ်လုပ်ကြရကြောင်း၊ ဒေသတစ်ခုနှင့်တစ်ခု ကွာဟချက် ကြောင့် အားနည်းသည့် ဒေသမှပြည်သူများက အားကောင်းသည့်ဒေသများကို သွားရောက်၍ အလုပ်လုပ်ကိုင်ကြကြောင်း။

ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးတွင် စက်မှုဇုံများအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  အချို့သောဒေသများတွင် စက်မှုဇုံများအကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသေးကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသနှင့်ကိုက်ညီ သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေး စက်မှုဇုန်များ အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင်ခရိုင်များတိုးချဲ့ဖွဲ့စည်းထားရာ အဓိကကျသည့် ခရိုင်များတွင်စက်မှုဇုံများ၊ စက်မှုရပ်ကွက်များ ဖော်ဆောင် ပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမည်ဆိုပါက အဆိုပါဒေသကိုအခြေခံသည့် ထွက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုသည် များစွာဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပြီး ရောင်းကုန်ပစ္စည်းများ တိုးတက်များပြားလာမည်ဖြစ်ကြောင်း၊ ဒေသများအလိုက် MSME ကို အခြေခံသည့်စက်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ပါက ဒေသတွင်း အလုပ်အကိုင်အခွင့် အလမ်းများ ပေါများလာပြီး မြို့ပြများနှင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်မှုများ လျော့ပါးသွားမည်ဖြစ်ကြောင်း။

MSME လုပ်ငန်းများဆောင်ရွက်ရန်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ရရှိရေးအတွက် မိမိတို့နိုင်ငံတွင် အသေးစား၊ အငယ်စား၊ အလတ်စား ရေအား လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများကို ထပ်မံအကောင်အထည်ဖော် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် လျှပ်စစ် ပစ္စည်းများပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိပြီး အနာဂတ် မြန်မာနိုင်ငံစီးပွားရေးအတွက် အကျိုးရှိသည့်လုပ်ငန်းများ ဖြစ်ခြင်းကြောင့် အောင်မြင် အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊

MSME လုပ်ငန်းများကို မိမိတို့နိုင်ငံတွင် အခြေခံကျကျဆောင်ရွက်၍ရသည်ကို တွေ့ရှိရကြောင်း၊ အရင်းအနှီးနှင့်ပတ်သက်၍ လိုအပ်သည့် ငွေကြေးများကို အစိုးရ အနေဖြင့် ချေးငှားဆောင်ရွက်ပေး၍ရကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေများ မတည်ထူထောင်ပေးခဲ့ပြီး ကျန်ရှိသည့် ငွေများမှ MSME လုပ်ငန်းများနှင့် မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက် ပေးရန် ရည်မှန်းထားကြောင်း၊ MSME လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင် ရွက်မည်ဆိုပါက စည်းမျဉ်းစည်းကမ်းများရေး ဆွဲ၍ ငွေကြေးများ ချေးငှားပေးရန် အဆင့်သင့်ရှိကြောင်း။

လူသားအရင်းအမြစ်လိုအပ်မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အသက် ၂၅ နှစ် အထက်လူဦးရေတွင် ၁၉ သန်းခန့်သည့် အခြေခံပညာအားနည်းသည်ဟု သန်းခေါင် စာရင်းအရသိရှိရကြောင်း၊ အဆိုပါပြည်သူများ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေးအတွက် လုပ်ငန်းခွင်သင်တန်းများဖွင့်လှစ်၍ သင်ကြား ဖွင့်လှစ်ပေးရန်လိုကြောင်း၊ KG+10 နှင့် အထက်ပညာအရည်အချင်း ရှိသူများကိုလည်း တိုင်းပြည်အတွက်အကျိုးရှိသည့် လူသားအရင်းအမြစ်များမွေးထုတ်နိုင်ရေး ပညာရေးမြှင့်တင်မှု အခန်းကဏ္ဍမှ ကြိုးပမ်း ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ကျယ်ကျယ်ပြန့်ပြန့်ဖြင့်သင်ကြား၍ လူသားအရင်းအမြစ်များ မွေးထုတ် နိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး ယခင်တပ်မတော်အစိုးရလက်ထက် ကလည်းအထူးဖွံ့ဖြိုးရေးဇုံ ၂၄ ဇုံဖြင့် ဆောင်ရွက် ခဲ့ပြီး အဆိုပါဇုံများတွင် တက္ကသိုလ်၊ ကောလိပ်များနှင့် ဆေးရုံများ တည်ဆောက် ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ခြင်းမှာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ လူသားအရင်း အမြစ်များ ရရှိအောင်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ လူသားအရင်းအမြစ် မွေးထုတ်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်အားလုံး အလေးထားဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ ရယူနိုင်ရန် လိုကြောင်း။

မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ထုတ်ကုန်အများစုမှာ အရည်အသွေးဆိုင်ရာ အားနည်းမှုများရှိခြင်းကြောင့် ဈေးကွက်တွင် ဈေးနှုန်းရရှိမှုနည်းပါးကြောင်း၊ အရည် အသွေးအားနည်းမှုများရှိခြင်းမှာ ကုန်ထုတ်လုပ်ရာတွင်အသုံးပြုသည့် စက်ကိရိယာ ပစ္စည်းများ၊ နည်းပညာနှင့် လူသားအရင်းအမြစ်များ အားနည်းခြင်းကြောင့်ဖြစ်သည်ကို တွေ့ရကြောင်း၊ ထုတ်ကုန်များ အရည်အသွေးမီအောင်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်ရာတွင် အစားအစာများ၊ အဖျော်ယမကာများ၊ အထည်အလိပ်နှင့် အထည်ထုတ်လုပ်မှု၊  သားရေထွက်ကုန်ပစ္စည်းများ၊ သစ်အချော ထည်ပစ္စည်းများ၊ ဆေးဝါးနှင့်ရုက္ခဗေဒဆိုင်ရာပစ္စည်းများ၊ ရာဘာနှင့် ပလပ်စတစ် ဆိုင်ရာပစ္စည်းများ၊ သတ္တုမဟုတ်သည့် တွင်းထွက်ပစ္စည်းများ၊ အခြေခံသတ္တုပစ္စည်း များ၊ ပရိဘောဂ ပစ္စည်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက်ပစ္စည်းများကို အခြေခံသည့် ပစ္စည်းများကို ထုတ်လုပ်ခြင်းသည် မိမိတို့နိုင်ငံအတွက် လက်တွေ့ကျကျ ထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများဖြစ်သဖြင့် ပထမဦးစားပေးအနေဖြင့် ထုတ်လုပ် နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒုတိယဦးစားပေး ထုတ်လုပ်မှုအနေဖြင့် ဆေးရွက်ကြီးနှင့် စီးကရက်ပစ္စည်းများ၊ စက္ကူထုတ်လုပ်ခြင်းများ၊ ရေနံစိမ်းနှင့် ကျောက်မီးသွေးထုတ်လုပ်ခြင်း၊ ဓာတုဗေဒပစ္စည်းနှင့် ဓာတုဗေဒထုတ်ကုန်များ၊ သတ္တုသန့်စင် ပစ္စည်းများထုတ်လုပ်ခြင်း၊ ကွန်ပြူတာနှင့် အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ လျှပ်စစ်ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း၊ စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ မော်တော် ယာဉ်အမျိုးမျိုးနှင့် ပစ္စည်းတင်ယဉ်အမျိုးမျိုး ထုတ်လုပ်ခြင်းနှင့် အခြားသယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ယဉ်များထုတ်လုပ်ခြင်းနှင့် အခြားပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ပထမဦးစားပေး တွင်ပါဝင်သည့် ပစ္စည်းများထုတ်လုပ်နိုင်ရန် အတွက် မိမိတို့နိုင်ငံတွင်ကုန်ကြမ်းများ လုံလောက်စွာရှိပြီး ဖြစ်ကြောင်း၊ ဓာတုဗေဒ ပစ္စည်းများထုတ်လုပ်ခြင်းနှင့် အချို့သော ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် အရင်းအနှီးများနှင့် နည်းပညာများ လိုအပ်လျက်ရှိနေသေးကြောင်း။

မိမိတို့နိုင်ငံတွင် MSME လုပ်ငန်းပေါင်း ၄ သောင်းကျော်ရှိကြောင်း၊ အဆိုပါလုပ် ငန်းများ‌ အောင်မြင်စေရန် ဝန်ဆောင်မှုနှင့်ရောင်းဝယ်မှုများ ဆောင်ရွက်နိုင်ရန် အတွက်  ထုတ်ကုန်များ ဈေးကွက်ရရှိရန်လိုကြောင်း၊ ထို့ကြောင့်နိုင်ငံ တကာနှင့်ချိတ်ဆက် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ သတင်းအချက်အလက်များ မြန်ဆန်စွာ စီးဆင်းရန် ကိစ္စရပ်များ၊ ကုန်စည်စီးဆင်းမှု လုံခြုံချောမွေ့ရေးလုပ်ငန်းကိစ္စရပ်များကို ထည့်သွင်း စဉ်းစားရန်လိုကြောင်း၊ အဆိုပါကိစ္စရပ်များကို ချက်ချင်းအကောင် အထည်ဖော် ဆောင်ရွက်၍မရဘဲ အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်သဖြင့် ကော်မတီဝင် များအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်ပြော ကြားလိုကြောင်း၊ မိမိတို့နိုင်ငံ၏ MSME လုပ်ငန်းများကို အာဆီယံ၏ညွှန်းကိန်းများနှင့် သုံးသပ်ခဲ့သည် များရှိပြီး ရလဒ်ညွှန်းကိန်းများတွင် မိမိတို့နိုင်ငံသည် အချို့နေရာများ၌ အာဆီယံ ညွှန်ကိန်း၏ အနိမ့်ပိုင်းတွင်ရှိပြီး အချို့နေရာများတွင် အလယ်အလတ်အဆင့် အပိုင်းတွင် ရောက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ မည်သို့သော ညွှန်းကိန်းများ ပြနေ သည်ဖြစ်စေ မိမိတို့အနေဖြင့် လက်တွေ့ကျသည့် အလုပ်ဖြစ်နိုင်သည့် MSME များဖြစ် ရန်လိုကြောင်း၊ အထူးသဖြင့် ထုတ်လုပ်မှုကို အခြေခံဖြစ်ပေါ်လာသည့် ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း သည် ၂၅ ရာခိုင်နှုန်းနှင့် ၁၆ ရာခိုင်နှုန်းရှိသည်ကိုတွေ့ရှိရကြောင်း၊ ထုတ်လုပ်မှုမှာ ၃၉ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထုတ်လုပ်မှု လုပ်ငန်းများတိုးတက်လာ မည်ဆိုပါက ရောင်းဝယ်မှုလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှု လုပ်ငန်းမှာ ဝယ်ရောင်းသမားများဖြစ်ကြကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်းထက် ဈေးရောင်းချသူများ များပြားကြောင်း၊ ထုတ်လုပ်မှုများကို ပိုမိုဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွက် ပိုမိုအကျိုးရှိစေမည် ဖြစ် ကြောင်း။

MSME လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ လေ့လာချက်အရ ပတ်ဝန်းကျင်ကောင်းများနှင့် လုပ်ငန်းဆောင်ရွက်ရန်အတွက် အခြေခံအဆောက်အဦများ လိုအပ်ချက်များရှိြခင်း၊ စွန့်ဦးတီထွင်လိုသူများအတွက် မဝံ့မရဲဖြစ်ဖြစ်မှုများကို ဖြေလျှော့ပေးရန်လိုအပ်ခြင်း၊ ငွေကြေးအရင်းအနှီး၊ စရိတ် ကြီးမြင့်သည့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းများကိုတွေ့ရှိရခြင်း၊ ရိုးရာနည်းပညာများကို အသုံးပြု ထုတ်လုပ်ခြင်း၊ သုတေသနပြုချက်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာများတွင် အထောက်အပံ့ အားနည်းသည်များကို တွေ့ရှိရကြောင်း၊ အဆိုပါရလဒ်များ ကို အခြေခံ၍ ထုတ်ကုန်များကို ရောင်းတန်းဝင်အဆင့်မြှင့်တင်နိုင်ရန်အတွက် ကန့်သတ် ချက်များနှင့် အဟန့်အတားများတွေ့ရှိရသည်ဟု လေ့လာတွေ့ရှိရကြောင်း၊ ထုတ်ကုန် များကို အရည်အသွေးရှိသည့် ရောင်းကုန်ပစ္စည်းများဖြစ်အောင် ဆောင်ရွက်ရန်လို ကြောင်း၊ ထို့ကြောင့် အဆိုပါအချက်များကို ကော်မတီဝင်များအနေဖြင့် ထည့်သွင်း စဉ်းစား၍ လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်းများရှာဖွေ၍ ဆောင်ရွက်ကြမည်ဆိုပါက MSME လုပ်ငန်းများသည် တိုင်းပြည်၏ စီးပွားရေးကို ထိထိမိမိ အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ကြောင်း၊ မိမိအနေဖြင့်ယခု MSME  လုပ်ငန်းသည်နိုင်ငံအတွက် အဓိကမောင်းနှင်အားဖြစ်သဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဖြင့်ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူးစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် စက်မှု လုပ်ငန်းမူဝါဒ၊ SME ဖွံ့ဖြိုးတိုးတက်ရေးမူဝါတို့ချိတ်ဆက်မှု၊စီးပွားရေးဖွံ့ဖြိုး တိုးတက် ခြင်း၏ အရင်းအမြစ်များ၊ မြန်မာနိုင်ငံ၏ SME ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ၊  SME ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ မူဝါဒနှင့် နည်းဥပဒေများ ပြဌာန်းထုတ်ပြန်ခဲ့မှု၊ MSME အဖြစ် စတင်သုံးနှုန်းလာခြင်း၊ SME ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ ဖွဲ့စည်းဆောင်ရွက် ရမည့် ကော်မတီနှင့်အဖွဲ့များ၊  SME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနများဖွဲ့စည်းခြင်း၊  SME ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနများ၊ မြန်မာ့ MSME ရှင်သန်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊  နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီလက်ထက် MSME ဗဟိုကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်း ကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး  ဗဟိုကော်မတီမှဆွေးနွေးဆုံး ဖြတ်ရမည့် အချက်များကို အဆိုပြုတင်ပြသည်။

        ထို့နောက်  ဗဟိုကော်မတီဝင်များက ပြည်တွင်းလျှပ်စစ်ပစ္စည်းထုတ်လုပ်မှု ဆိုင်ရာ လုပ်ငန်းများကို အားပေးကူညီရန်၊  MSME ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်နှင့် ပြည်ပအဖွဲ့ အစည်းများမှ ချေးငွေများထုတ်ချေးပေးခဲ့မှုနှင့် ဆက်လက်ထုတ်ချေး ပေးသွားမည့် အစီအမံများ၊ MSME ရန်ပုံငွေထူထောင်ရေး၊  ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုအခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေရေးအတွက် ပို့ဆောင်ရေး အခြေခံအဆောက်အအုံများနှင့် ဆက်သွယ်ရေးကွန်ယက် များ ကောင်းမွန်စေရန် ဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးသတင်းချက်အလက်များကို နိုင်ငံပိုင်မီဒီယာ များမှ အချိန်နှင့်တပြေးညီ ထုတ်လွှင့်ဖော်ပြနိုင်ရေး ဆောင်ရွက်သွားမည့်အစီအမံများ၊ ကျေးလက်ဒေသများတွင် သမဝါယမအသင်းများဖွဲ့စည်းပြီး အသေးစားစက်မှုလုပ်ငန်း များ ထူထောင်ပေးနေမှု၊ အသက်မွေးဝမ်းကြောင်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးနေမှု၊ ဈေးရောင်းပွဲတော်များနှင့် ထုတ်ကုန်ပြပွဲများကျင်းပပေးနေမှု၊ သစ်အချောထည်၊ ကျောက်မျက်အချောထည်နှင့် ဓာတ်သတ္တုနှင့် စက်မှုတွင်းထွက်လုပ်ငန်းများ ခွင့်ပြု ထားရှိမှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအားပေးနေမှု၊ လျှပ်စစ်ကဏ္ဋတွင်  ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုအခြေ အနေ၊ ပုဂ္ဂလိကထုတ်ကုန် အရည်အသွေး တိုးတက်စေရေး ဆောင်ရွက်နေမှု အခြေအနေ၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများဖော်ဆောင်ပေးနေမှု၊ SME ဥပေဒတွင် ပြင်ဆင်ရန်လိုအပ်သည့်အချက်များ၊  MSME လုပ်ငန်းများအနေဖြင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြင့် ချိတ်ဆက်ရန်လိုအပ်မှုအခြေအနေ၊ တက္ကသိုလ်များ၌ စီးပွားရေးဘာသာရပ်များတွင် MSME ဘာသာရပ် ထည့်သွင်းပြဌာန်းနိုင်ရေး၊ MSME လုပ်ငန်းများနှင့်စပ်လျဉ်း၍ စံချိန်၊ စံညွန်းသတ်မှတ်ရန်လိုအပ်မှုအခြေအနေ၊ MSME လုပ်ငန်းများမှထုတ်လုပ်သည့် ထုတ်ကုန်များအား စားသုံးသူများအတွက် ဘေးကင်းသည့် ထုတ်ကုန်ဖြစ်စေရန် FDA မှ အရည်အသွေးစစ်ဆေး၍ ခွင့်ပြုပေးနေမှု၊ MSME လုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းလိုအပ်ချက်၊ ဥပဒေဆိုင်ရာလိုအပ်ချက်နှင့် ငွေကြေးမူဝါဒဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအလိုက် ပူးပေါင်း ဆောင်ရွက် သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍  တိုင်း ပြည်၏စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးစနစ် ကောင်းမွန်ရန်အရေးကြီးပါကြောင်း၊  ထို့ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် အများပြည်သူပို့ဆောင်ရေးစနစ်ကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ရထားဖြင့်သယ်ယူပို့ဆောင်ခြင်းသည် စီးပွားရေးအရ တွက်ချေကိုက်သည့်အတွက် နိုင်ငံတကာတွင် ရထားပို့ဆောင်ရေးစနစ်ကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရပါကြောင်း၊  တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆက်သွယ်ရေးစနစ် ကောင်းမွန်စေရန် အရေးကြီးပါကြောင်း၊ အများပြည်သူများအတွက် သတင်းအချက် အလက်များ အချိန်နှင့်တစ်ပြေးညီသိရှိစေရန်နှင့် မှန်မှန်ကန်ကန်၊ လုံလုံခြုံခြံဖြစ်စေရန် အရေးကြီးပါကြောင်း၊ ထို့ပြင် မိုဘိုင်းဖုန်းနှင့်အင်တာနက်သုံးစွဲမှု အပိုင်းတွင်လည်း စည်းကမ်းတကျဖြစ်စေရန်လိုအပ်ပါကြောင်း၊ နိုင်ငံပိုင်မီဒီယာများမှ စီးပွားရေး သတင်းများ၊ ကုန်‌ဈေးနှုန်းနှင့် ငွေကြေးသတင်းအချက်အလက်များကို သီးခြားကဏ္ဍ တစ်ခုအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်၊ တပ်မတော်နှင့် ပုဂ္ဂလိကအပိုင်းတို့မှ သတင်းအချက်အလက်များကို ပြည်သူများ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်သိရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သစ်အချောထည်ထုတ်ကုန်များကို  အဆင့်မီထုတ်လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ အလားတူ တွင်းထွက်သယံဇာတများကိုလည်း တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်သွားစေလိုကြောင်း။

MSME လုပ်ငန်းများရှိရာ နယ်မြေဒေသအလိုက် လျပ်စစ်ဓာတ်အား လုံလောက် စွာ ရရှိရေးနှင့် အသေးစားဓာတ်အားထုတ်လုပ်သည့်စနစ်များ ကူညီဆောင်ရွက် ပေးနိုင်ရေး၊ မဟာဓာတ်အားလိုင်းမှ လျပ်စစ်ဓာတ်အား ရယူသုံးစွဲခြင်းမပြုဘဲ ဒေသ အလိုက် တစ်ပိုင်တစ်နိုင်ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကူညီဆောင် ရွက်ပေးရန်လိုအပ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာနမှ လက်ရှိ ဖွင့်လှစ်လျက်ရှိသည့် သက်မွေးပညာသင်တန်းများ ထိထိရောက်ရောက်ဖြစ်စေရန် လိုအပ်ကြောင်း၊ အဆိုပါသင်တန်းများမှ မွေးထုတ်ပေးလိုက်သည့် အလုပ်သမားများ ကိုလည်း လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးပြုနိုင်ရန် လိုအပ်ပါကြောင်း၊ လူသားအရင်းအမြစ်များရရှိရေးကို ဦးတည်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်တွင်း သုံး MSME ထုတ်ကုန်များ၏ စံချိန်စံညွန်းနှင့်ပတ်သက်၍ တစ်ပြေးညီဖြစ်ရန် လိုအပ်ပါ ကြောင်း၊ ပြည်ပပို့ကုန်များအတွက် ထုတ်ကုန်အရည်အသွေးကိုလည်း နိုင်ငံတကာ အရည် အသွေးမီဖြစ်စေရန် စံချိန်စံညွှန်းသတ်မှတ်ရန် လိုအပ်ပါကြောင်း။

နိုင်ငံ၏ စီးပွားရေးကို အထောက်အကူဖြစ်ရန် ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မြေပေါ်မြေအောက် သယံဇာတများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးနှင့် နိုင်ငံခြားငွေရရှိရေးအတွက် ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်တွင်းစီးပွားရေးကို အထောက် အကူဖြစ်စေရန် ဒေသအလိုက် ကုန်ထုတ်လုပ်မှုတိုးတက်စေရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်သည် မူဝါဒချမှတ်ပေးသည့် အဆင့်ဖြစ်ပြီး MSME လုပ်ငန်း များ မြေပြင်တွင်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် UMFCCI နှင့် ညီနောင် အသင်းများအနေဖြင့် လက်တွေ့ကျကျ ပေါင်းစပ်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ဒေသတိုင်းတွင် MSME လုပ်ငန်းများမှ ထုတ်လုပ်မှုများရှိနေရမည်ဖြစ်ပြီး ယင်းလုပ်ငန်း များဖြင့် ပြည်တွင်းစီးပွားရေး အားကောင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဥပဒေဖြင့် အကာအကွယ် ပေးထားနိုင်ရမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ကလုပ်ငန်းကော်မတီ၏ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးတွင် အားလုံးမှ တက်တက် ကြွကြွပါဝင်ဆွေးနွေးဆောင်ရွက်ကြသည်ကိုတွေ့ရကြောင်း၊ MSME ကို နိုင်ငံစီးပွားရေး မြှင့်တင်မှုအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် တိုင်းဒေသကြီး နှင့်ပြည်နယ်အားလုံး၊ ဒေသတစ်ခုနှင့်တစ်ခု တိုးတက်ဖွံ့ဖြိုးမှုများကွာဟမှုမရှိအောင် ဆောင်ရွက်ပေးပြီး အားလုံးတစ်ပြေးညီဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အလိုက်၊ ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံပြီး ကုန်ထုတ် လုပ်မှုအတွက် စဉ်းစားဆောင်ရွက်ရန်၊ လူသားအရင်းအမြစ်များ ရရှိရေးအတွက် ဆောင်ရွက်ရန်နှင့် ပညာရေးကွာဟမှုများကို တတ်နိုင်သမျှ လျှော့ချနိုင်ရေး ဆောင်ရွက် ရန်လိုကြောင်း၊ လူသားအရင်းအမြစ်များကို အသုံးချ၍ နည်းပညာနှင့် အတတ်ပညာ များကို ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရင်းအနှီးများရရှိရေးအတွက် နိုင်ငံတော်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပေါင်းစပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

        ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ရန် လိုကြောင်း၊ လမ်းမကြီးများသာမက မြို့၊ ရွာချင်းဆက်လမ်းများ ကုန်ထုတ်လမ်းများ ကောင်းမွန်ရန်မှသာ ထုတ်လုပ်သည့် ထုတ်ကုန်များကို အဆင်ပြေချောမွေ့စွာပို့ဆောင် နိုင်မည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးစနစ်များလည်း ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါအချက်များကို အလေးထားဆောင်ရွက်သွားကြရန်မှာကြားလို ကြောင်း၊ စက်ရုံများနှင့် စက်ပစ္စည်းများလည်ပတ်နိုင်ရန်လိုအပ်သည့် လျှပ်စစ် ဓာတ်အားများရရှိရေးအတွက် ဒေသအလိုက်  အကောင်အထည်ဖော် ဆောင်ရွက်ကြ ရန်မှာကြားလိုကြောင်း၊ မိမိတို့ကော်မတီသည် နိုင်ငံတော်အတွက် အရေးကြီးသည့် အဓိကကျသည့် ကော်မတီတစ်ခုဖြစ်ပြီး ဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်းသတင်းရရှိ သည်။