အာဆီယံဆူူဇူကီးဖလားပြိုင်ပွဲကျင်းပမည့်ကာလကို မူလသတ်မှတ်ထားသည့်အတိုင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပမည်

ရန်ကုန်၊ အားကစား

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က လာမည့်  အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ   ကျင်းပမည့်ကာလကို ပြောင်းလဲမည်မဟုတ်ဘဲ   မူလ သတ်မှတ်ထားသည့်အတိုင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ  ကျင်းပမည်ဟု  ထုတ်ပြန်ထားကြောင်း သိရသည်။

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ပြိုင်ပွဲစတင်ကျင်းပသည့်အချိန်မှစ၍ နှစ်နှစ်လျှင်တစ်ကြိမ်ကျင်းပခဲ့ကာ   နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်ကကျင်းပခဲ့သည်။ နှစ်နှစ်လျှင်တစ်ကြိမ်ကျင်းပခြင်းဖြစ်သည့်အတွက် ပြိုင်ပွဲကို  ၂၀၂၀  ပြည့်နှစ်အတွင်းက ကျင်းပရမည် ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့်  တစ်နှစ်ရွှေ့ဆိုင်းခဲ့ပြီး ယခုနှစ်တွင် ကျင်းပရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း  ကျင်းပရန်စီစဉ်ခဲ့သော်လည်း  အာဆီယံဒေသတွင်းနိုင်ငံများ၌  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေဆဲဖြစ်သည့်အတွက် ၂၀၂၁ ခုနှစ်  ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိကျင်းပရန် သတ်မှတ် ထားခြင်းဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်က အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ  အုပ်စုမဲခွဲပွဲနှင့်  ပြိုင်ပွဲကျင်းပမည့်ပုံစံ  ထုတ်ပြန်ကြေညာခြင်းကို ၂၀၂၀  ပြည့်နှစ်  သြဂုတ်  ၁၀  ရက်က  စင်ကာပူနိုင်ငံ၌   ကျင်းပရန်စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် အုပ်စုမဲခွဲပွဲကျင်းပခြင်းကို  ရွှေ့ဆိုင်းခဲ့ပြီး   ပြိုင်ပွဲကို  ရွှေ့ဆိုင်းမည်မဟုတ်ဘဲ    မူလသတ်မှတ်ထားသည့်အတိုင်း ကျင်းပမည်ဖြစ် ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်က  အာဆီယံဒေသတွင်း အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို  ၁၉၉၆ ခုနှစ်မှစ၍  တိုက်ဂါးဖလားအမည်ဖြင့်    ကျင်းပခဲ့ပြီး   နောက်ပိုင်းနှစ်များတွင်   အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အမည်ဖြင့် ကျင်းပခဲ့သည်။ ထို့နောက်  ၂၀၀၈  ခုနှစ်က  ဆူဇူကီးမော်တော်ကားကုမ္ပဏီနှင့်တွဲဖက်ပြီး အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အမည်ဖြင့် ပြောင်းလဲကျင်းပ ခဲ့ခြင်းဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်က အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို  နှစ်စဉ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းမရှိဘဲ အုပ်စုပွဲစဉ်များမှ  ဗိုလ်လုပွဲအထိ  အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့စနစ်ဖြင့် ကျင်းပခဲ့သော် လည်း   လာမည့်ပြိုင်ပွဲကို  ကိုဗစ်-၁၉ ရောဂါအခြေ အနေကြောင့်   အိမ်ရှင်နိုင်ငံ  ရွေးချယ်ကျင်းပရန်    စီစဉ်ထားပြီး အသစ်ပြောင်းလဲကျင်းပမည့်ပုံစံများကိုလည်း အုပ်စုမဲခွဲပွဲတွင်  တစ်ပါ တည်းကြေညာမည် ဖြစ်သည်။

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ကျင်းပမည်ဖြစ်ကာ လက်ရှိ အာဆီယံဒေသတွင်းနိုင်ငံ  ၁၁ နိုင်ငံရှိ သည့်အတွက် အာဆီယံဘောလုံးအဖွဲ့ချုပ်၏ အဆင့်သတ်မှတ်ချက်များအရ အဆင့် (၁) မှ (၉) အထိ အသင်းများအနေဖြင့် တိုက်ရိုက်ဝင်ခွင့်ရမည်ဖြစ်ပြီး အဆင့် (၁၀)နှင့် (၁၁) နေရာ၌ရပ်တည်သည့် အသင်းနှစ်သင်းအနေဖြင့် ရှုံးထွက် အဆင့်ပွဲစဉ် ကစားပြီးမှသာ တစ်သင်းက ဝင်ခွင့်ရရှိမည်ဖြစ်သည်။   

အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲ နောက်ဆုံးအကြိမ်ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ်က  ဗီယက်နမ်အသင်းက ချန်ပီယံဆုဆွတ်ခူးထားသည်။ ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းအဖြစ် ထိုင်းအသင်းက ချန်ပီယံဆုငါးကြိမ်ဖြင့် ရပ်တည်နေကာ စင်ကာပူ အသင်းက ချန်ပီယံဆုလေးကြိမ်၊   ဗီယက်နမ်အသင်းက   နှစ်ကြိမ်နှင့်  မလေးရှားအသင်းက  တစ်ကြိမ်ဆွတ်ခူးထားကြောင်း သိရ သည်။        

STA