အာဖဂန်နစ္စတန်မှ စစ်ရှုံးအမေရိကန်တို့ ထွက်ခွာမှုအပေါ်  အခွင့်ကောင်းယူလာမည့် တာလီဘန်အဖွဲ့

အမေရိကန်နှင့် NATO တပ်ဖွဲ့တို့သည်အာဖဂန်နစ္စတန်နိုင်ငံအတွင်း  ဆယ်စုနှစ် နှစ်ခုနီးပါး   စစ်ဆင်ရေးများ ဆင်နွှဲခဲ့သော် လည်း    တာလီဘန်စစ်သွေးကြွများကို  အပြီးသတ် ချေမှုန်းနိုင်ခဲ့ခြင်း မရှိကြောင်း၊ အမေရိကန်စစ်ဘက်သည် အာဖဂန်နစ္စတန်ကို   စစ်သွေးကြွများ၏ လက်အတွင်း ထားခဲ့ပြီး နိုင်ငံအတွင်းမှ အလျင်စလိုပြန်လည်ဆုတ်ခွာရန်  စီစဉ်နေကြောင်း  အာဖဂန် နစ္စတန်သမ္မတဟောင်း    ဟာမစ်ကာဇိုင်းက ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်နှင့် NATO တပ်ဖွဲ့တို့သည် တာလီဘန်များကို အချိန်ကာလ ကြာမြင့်စွာ တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိကြောင်း၊  ယခုအခါ   ၎င်းတို့က  နိုင်ငံအတွင်းမှ အလျင်အမြန် ထွက်ခွာရန် စီစဉ်ခြင်းကို     တာလီဘန်အဖွဲ့က ၎င်းတို့၏စစ်ရေး အောင်မြင်မှုတစ်ရပ်အဖြစ် ရှုမြင်နေကြောင်း ဟာမစ်ကာဇိုင်းက ပြောကြားထားသည်။ အမေရိကန်သည် နိုင်ငံအတွင်း    အကြမ်းဖက် တိုက်ခိုက်ခံရမှု အပြီး အကြမ်းဖက်တိုက်ဖျက်ရေး အတွက် ဟု အကြောင်းပြကာ အာဖဂန်နစ္စတန်သို့ ကျူးကျော်ဝင်ရောက်၍ တာလီဘန်အစိုးရကို ဖြုတ်ချပြီးနောက် ဟာမစ်ကာဇိုင်းအားသမ္မတအဖြစ် တင်မြှောက်ခဲ့သည်။  အဓိက ရည်ရွယ်ချက်မှာ   အမေရိကန်အစိုးရ၏ သြဇာခံအစိုးရ ဖြစ်လာစေရန်ဖြစ်သည်။

ယင်းနောက်ပိုင်းတွင်    အမေရိကန် စစ်ဘက်သည် NATO မဟာမိတ်တပ်များနှင့် အတူ အာဖဂန်နစ္စတန်၌ အကြမ်းဖက် တိုက်ဖျက်မှု စစ်ဆင်ရေးများ ဆင်နွှဲ၍ နိုင်ငံ အတွင်း   ဆက်လက် တိုက်ခိုက်နေသည့် တာလီဘန်စစ်သွေးကြွအဖွဲ့ကို အမြစ်ဖြတ် တိုက်ဖျက်ရန်    လုပ်ဆောင်လာခဲ့သည်။

သို့ရာတွင် အမေရိကန်နှင့် NATO မဟာမိတ်တပ်များသည်  တာလီဘန်များအား ချေမှုန်းနိုင်ရန်     ရုန်းကန်နေခဲ့ရသည်။

အာဖဂန်နစ္စတန် အရေးတွင် အမေရိကန်က  နှစ်ပေါင်းများစွာကြာ  စစ်ရေးအရ ကြားဝင်စွက်ဖက်ခဲ့သော်လည်း တာလီဘန် စစ်သွေးကြွများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကို လျှော့ချနိုင်ခဲ့ခြင်း မရှိပေ။

လက်ရှိ အာဖဂန်နစ္စတန်၌ ဖြစ်ပွားနေသည့် အခြေအနေများကို ကြည့်လျှင် အမေရိကန်တပ်များသည်  ယခင်က  ၎င်းတို့တပ်စွဲခဲ့သော စစ်အခြေစိုက်စခန်းများကို အာဖဂန် အစိုးရတပ်များထံ  ပြန်လည်လွှဲပြောင်းပေးလျက်ရှိသည်။    ထို့ကြောင့် အာဖဂန် အစိုးရတပ်များသည်  လုံခြုံရေးအရ စိတ်မချရသည့် ခရိုင်များနှင့် ပြည်နယ်များအား   ကာကွယ်ပေးနေရသည့် အခြေအနေတွင် ရှိနေသည်။ 

တစ်ချိန်တည်းမှာပင် တာလီဘန်စစ်သွေးကြွ အဖွဲ့ကလည်း ရရှိလာသည့် အခွင့်အရေးကို လက်လွှတ်မခံဘဲ တိုက်ခိုက်မှုများ ထပ်မံ လုပ်ဆောင်လျက်ရှိသောကြောင့်    နိုင်ငံအတွင်းရှိ အခြေအနေမှာ  လုံခြုံရေးအရ ဖရိုဖရဲဖြစ်လာမည့်   အလားအလာ ရှိနေသည်ဟု ဆိုနိုင်သည်။   အဘယ်ကြောင့်ဆိုသော် အစိုးရတပ်များသည် တာလီဘန်များက လုပ်ဆောင်လာမည့်   ထိုးစစ်ဆင်တိုက်ခိုက်မှုများကို တားဆီးနိုင်သည့် စွမ်းဆောင်ရည် မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အမေရိကန်က အာဖဂန်နစ္စတန်၌ ကာလရှည်ကြာဖြန့်ကြက်၍  အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးအမည်ခံ    တာလီဘန် ချေမှုန်းရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ နောက်ဆုံးတွင် နိုင်ငံအတွင်းမှ  ပြန်လည်ထွက်ခွာသွားရခြင်းကို တာလီဘန်တို့က အောင်ပွဲတစ်ရပ်အဖြစ် ရှုမြင်နေသည်။

တာလီဘန်များအား  အမေရိကန်နှင့် မဟာမိတ်တပ်များက အပြီးသတ် ချေမှုန်းနိုင်မှု မရှိခြင်းသည်   အာဖဂန်နစ္စတန်၌ အမေရိကန်အနေဖြင့် စစ်ရေးအရ ပါဝင်မှု ကျရှုံးခြင်းအဖြစ်   ထွက်ပေါ်လာသည့် အပြင် ယင်းနိုင်ငံအား တာလီဘန်များ လက်သို့  ပြန်လည်လွှဲပြောင်း ပေးလိုက်ခြင်းဖြစ်သည်ဟု တချို့က ယူဆနေသည်။

အမေရိကန်အစိုးရသည် အာဖဂန်နစ္စတန်၌ တပ်စွဲထားသည့်  ၎င်းတို့၏ စစ်သည်များအား ယခုနှစ် စက်တင်ဘာ ၁၁ ရက် တွင်  အပြီးသတ် ရုပ်သိမ်းမည်ဖြစ်သည်။

အမေရိကန်အစိုးရသည်    အာဖဂန်စစ်ပွဲအတွက် ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၂ ခုနှစ် အတွင်းမှာပင် စစ်ရေးအသုံးစရိတ် အဖြစ် တစ်နှစ်လျှင်   အမေရိကန်ဒေါ်လာ ဘီလီယံ ၁ဝဝ နီးပါး အသုံးပြုခဲ့ရပြီး ယင်းပမာဏမှာ များပြားလှသည်။ အမေရိကန်တို့သည် ရည်မှန်းချက်တစ်ရပ် ပြည့်မြောက်စေရန်  အာဖဂန်နစ္စတန်သို့  ဝင်ရောက် ကျူးကျော်ခဲ့ခြင်းဖြစ်သည်။  သို့ရာတွင် အဆိုပါ ရည်မှန်းချက်ကို  ဖြည့်ဆည်းနိုင်ခြင်း မရှိရုံသာမက  ယခုအခါ  အရှုံးနှင့် ရင်ဆိုင်ရပြီးနောက်   ပြန်လည်ထွက်ခွာ ရတော့မည်ဖြစ်သည်။

ထို့ကြောင့်  အမေရိကန်တပ်များ  ပြန်လည် ထွက်ခွာပြီးနောက်ပိုင်းတွင်  တာလီဘန်များက နိုင်ငံအား အပြည့်အဝပြန်လည် ထိန်းချုပ်လာမည့် အလားအလာ ရှိသဖြင့် အမေရိကန်တို့   ပြည်တော်ပြန် ခရီးစဉ်သည်   တာလီဘန်တို့အတွက်   အခွင့်အလမ်း တစ်ရပ်ဖြစ်လာနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။  

Ref: Sputnik, BBC