အာရှဒေသတွင် ဗြိတိန်ကစစ်သင်္ဘောများ ဖြန့်ကြက်မည့်အစီအစဉ် တရုတ်ကိုစစ်အင်အား ပြခြင်းဖြစ်ဟုဆို

အာရှဒေသတွင် ဗြိတိန်ကစစ်သင်္ဘောများ ဖြန့်ကြက်မည့်အစီအစဉ် တရုတ်ကိုစစ်အင်အား ပြခြင်းဖြစ်ဟုဆို

 

ပေကျင်း၊ နိုင်ငံရေး

ဗြိတိန်အစိုးရက   အာရှဒေသတွင် စစ်သင်္ဘောနှစ်စင်းကို အမြဲတမ်းဖြန့်ကြက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာ ပြီးနောက်  ထိုသို့လုပ်ဆောင်ခြင်းသည် တရုတ်ကိုစစ်အင်အားပြခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။တရုတ်အစိုးရသည် နိုင်ငံ၏ပိုင်နက်ရေပြင်အနီးဝန်းကျင်မှနေ၍ သင်္ဘောများလွတ်လပ်စွာခုတ်မောင်းမှုနှင့် လေယာဉ်များလွတ်လပ်စွာပျံသန်းမှုတို့ကို   လေးစားကြောင်း၊ နိုင်ငံများအနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီလုပ်ဆောင်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်းလီကျန်းက သတင်းထောက်များကိုပြောသည်။

သို့သော် တရုတ်နိုင်ငံကို စစ်အင်အားပြသည့်အပြုအမူများကို ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း၊    အာရှဒေသသို့ စစ်သင်္ဘောများစေလွှတ်ဖြန့်ကြက်မည့် ဗြိတိန်၏အစီအစဉ်သည် တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့်  လုံခြုံရေးကို ခြိမ်းခြောက်ကာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကိုထိခိုက်စေကြောင်း ၎င်းးကဆက်ပြောသည်။ဗြိတိန်အနေဖြင့်    အဲလစ်ဇဘက်ဘုရင်မကြီးအမည်ရှိ လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်ကို ဖြန့်ကြက်ပြီးနောက် ယခုနှစ်နှောင်းပိုင်းမှစ၍  အင်ဒို-ပစိဖိတ်ဒေသတွင် စစ်သင်္ဘောနှစ်စင်းကို အမြဲတမ်းဖြန့်ကြက်သွားမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့က ယခုသီတင်းပတ်အစောပိုင်းတွင်ပြောပြီးနောက် တရုတ်အစိုးရဘက်က  ယခုကဲ့သို့ တုံ့ပြန်လာခြင်းဖြစ်သည်။

ဖြန့်ကြက်မည့်စစ်သင်္ဘောများသည် တော်ဝင်ရေတပ်မှ  ကမ်းလွန်ကင်းလှည့်ရေယာဉ်များဖြစ်ပြီး သြစတြေးလျ၊ ဂျပန်၊ စင်ကာပူအပြင် အမေရိကန်နိုင်ငံတို့၏စစ်ဆင်ရေးများကို ကူညီထောက်ပံ့ရန်ရည်ရွယ်ထားကြောင်း  ဘန်ဝေါလေ့က ပြောသည်။လက်ရှိတွင် အဲလစ်ဇဘက်ဘုရင်မကြီးအမည်ရှိ လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်သည်   ပိုင်နက်အငြင်းပွားမှုများဖြစ်ပွားနေသော တောင်တရုတ်ပင်လယ်အတွင်းမှဖြတ်သန်းခုတ်မောင်းရန် စီစဉ်နေသည်။

ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်သည် မတ်လနှောင်းပိုင်းတွင် နိုင်ငံ၏နိုင်ငံခြားရေးမူဝါဒပြန်လည်သုံးသပ်ချက်အစီရင်ခံစာကိုထုတ်ပြန်ပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန၏လုပ်ဆောင်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။အဆိုပါအစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ကြီးထွားလာသောအင်အားနှင့် ခိုင်မာမှုများက လက်ရှိဆယ်စုနှစ်၏ အဓိကကျသော ပထဝီနိုင်ငံရေးအကြောင်းခံဖြစ်လာကြောင်းနှင့် ကမ္ဘာကြီးအပေါ် တရုတ်နိုင်ငံ၏ကြီးထွားလာသောသက်ရောက်မှုနှင့်လိုက်လျောညီထွေဖြစ်မည့်ဆောင်ရွက်ချက်များလုပ်ဆောင်ရန်  ဗြိတိန်နိုင်ငံကိုတိုက်တွန်းကြောင်း ဖော်ပြထားသည်ဟုသိရသည်။