အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတို့တွင် ရွှေ ငွေ ကြေးတံဆိပ်ဆုရရှိသည့် လက်ရွေးစင် ကစားသမားဟောင်းများကို ပင်စင်ထောက်ပံ့ကြေးများ ပေးအပ်ရန် လျာထား

အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတို့တွင် ရွှေ ငွေ ကြေးတံဆိပ်ဆုရရှိသည့် လက်ရွေးစင် ကစားသမားဟောင်းများကို ပင်စင်ထောက်ပံ့ကြေးများ ပေးအပ်ရန် လျာထား

အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့် အားကစားပြိုင်ပွဲတို့တွင်  ရွှေတံဆိပ်ဆု၊  ငွေတံဆိပ်ဆု၊ ကြေးတံဆိပ်ဆုရရှိခဲ့သည့် လက်ရွေးစင် ကစားသမားဟောင်းများကို  ပင်စင်ထောက်ပံ့ကြေးအဖြစ်  လစဉ်ငွေကျပ် သုံးသိန်း၊ နှစ်သိန်းနှင့် တစ်သိန်း အသီးသီးပေးအပ်ရန်လျာထားသည်ဟု အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က စက်တင်ဘာ ၁ ရက်ကကျင်းပသော နိုင်ငံတော်အတွက် အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအဆင့် အားကစားပြိုင်ပွဲ၊  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတို့တွင် အားကစားဖြင့်  နိုင်ငံ့ဂုဏ်မြှင့်တင် ဆောင်ရွက်ခဲ့ကြသည့်  မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၏  ဘဝနောင်ရေး အာမခံချက်ရရှိရေး အစီအမံများ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာ့အားကစား သမိုင်းတစ်လျှောက်   မြန်မာ့လက်ရွေးစင် ကစားသမားများ အနေဖြင့် ကစားနိုင်သည့် အချိန်များတွင် နိုင်ငံအတွက် ပေးဆပ်ပြီး ကစားခဲ့ကြသော်လည်း အသက်အရွယ်ကြီးရင့်ပြီး ကစားသမားဘဝမှ အနားယူချိန်များတွင် ဘဝနောင်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရသူများ ရှိနေသောကြောင့် ယခုကဲ့သို့   ဆုတံဆိပ်ရရှိသည့် ကစားသမားများကို ပင်စင်အဖြစ် ပေးအပ်ရန် လျာထားခြင်းဖြစ်သည်။

နိုင်ငံတော်အတွက်   အိုလံပစ် အားကစားပြိုင်ပွဲ၊ အာရှအဆင့် အားကစားပြိုင်ပွဲ၊  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတို့တွင် အားကစားဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင် ဆောင်ရွက်ခဲ့ကြသည့်  မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းများ၏ ဘဝနောင်ရေး အာမခံချက် ရရှိရေးအစီအမံများ  ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို နိုင်ငံတကာက ထောက်ပံ့မှု အခြေအနေများကို လည်းကောင်း၊ အာဆီယံမှ ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများ၏ စီစဉ်ထောက်ပံ့ထားရှိမှု အခြေအနေများကို လည်းကောင်း၊ လက်ရှိ မြန်မာနိုင်ငံ၌ အာရှအဆင့် အားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတို့တွင်   ဆုရရှိသူများအား ထောက်ပံ့ပေးမှု  အခြေအနေများကို လည်းကောင်း၊ နိုင်ငံ့ဂုဏ်ဆောင်  အားကစား သမားဟောင်းများကို လစဉ် ပင်စင်အဖြစ် အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသူ ၁၄ ဦး၊ ငွေတံဆိပ်ဆုရရှိသူ ငါးဦး၊ ကြေးတံဆိပ်ဆုရရှိသူ   ခြောက်ဦး၊   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ၁ဝ ခုနှင့် အထက်ရရှိသူ သုံးဦး၊ ရွှေတံဆိပ်ဆု ငါးခုနှင့် ကိုးခုကြား ရရှိသူ ငါးဦး၊ ရွှေတံဆိပ်ဆု တစ်ခုနှင့် လေးခုကြားရရှိသူ ၉၃ ဦးရှိပြီး အဆိုပါဆုရရှိသူများကို လစဉ် ငွေကျပ် သုံးသိန်း၊  နှစ်သိန်း၊  တစ်သိန်း  ချီးမြှင့်ရန် လျာထားမှု အခြေအနေကို လည်းကောင်း ဆွေးနွေးကာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ရန်ပုံငွေမှလည်း နိုင်ငံ့လက်ရွေးစင် အားကစားသမားဟောင်းများ အသင်းထံ နှစ်စဉ် ပံ့ပိုးပေးနိုင်ပါကြောင်း ဆွေးနွေးခဲ့သည်။

အလားတူ ညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံ့လက်ရွေးစင် အားကစားသမားဟောင်းများအသင်း ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာကလည်း  ယခင်အားကစားသမားဟောင်းများသည် ငယ်စဉ်ကတည်းက အားကစားကိုသာ ချစ်မြတ်နိုးစွာ ခုံမင်၍ ဘဝကိုမြှုပ်နှံကြိုးစားခဲ့သူများ ဖြစ်သောကြောင့် အားကစားသမား အများစုမှာ ပညာရေး နိမ့်ကျခဲ့ရကြောင်း၊ အားကစား ပြုလုပ်နေစဉ် အတွင်း  အလုပ်အကိုင် ရရှိခဲ့သော်လည်း  အနားယူချိန်တွင် ဘဝတိုးတက်ရေး အခက်အခဲများ ရှိကြောင်း၊ အားကစား သမားဟောင်းများကို  ယခုကဲ့သို့  ကူညီထောက်ပံ့ရန် စီစဉ်မှုအတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ အားကစားသမားများ  စွန့်လွှတ်စွန့်စားမှုကို  အသိအမှတ်ပြုသော အားဖြင့် နိုင်ငံတကာ ဆုရရှိမှုအပေါ်တွင်လည်း ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် အသိအမှတ်ပြု ပေးအပ်စေလိုကြောင်း ဆွေးနွေးခဲ့သည်။