အိန္ဒိယက ကိုဗစ်-၁၉ ရောဂါကြောင့် ရင်ခွင်မဲ့ဖြစ်သွားသော ကလေးငယ်များကို ထောက်ပံ့သွားမည်

အိန္ဒိယအစိုးရ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် မိဘများ ကွယ်လွန်ပြီး ရင်ခွင်မဲ့ဖြစ်သွားသော ကလေးငယ်များကို ကျန်းမာရေး အာမခံနှင့် အခမဲ့ပညာရေး သင်ကြားမှုများ ပါဝင်သော အစီအစဉ်များဖြင့် ထောက်ပံ့သွားမည်ဟု ယခုသီတင်းပတ်အကုန်တွင် ကြေညာသည်။

ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏  အစိုးရအဖွဲ့သည်  ဝန်ကြီးချုပ်၏ စောင့်ရှောက်မှုများ ရန်ပုံငွေမှ  ထိုကလေးငယ်များ  အသက် ၁၈ နှစ်ပြည့်သည့် အချိန်အထိ  ကလေးတစ်ဦးအတွက် ရူပီးတစ်သန်း ထောက်ပံ့သွားမည်ဖြစ်သည်။

ထိုကလေးငယ်များကို အစိုးရ၏ ကျန်းမာရေးအာမခံ အစီအစဉ်တွင်  စာရင်းထည့်သွင်းပေးမည်ဖြစ်ပြီး   အာမခံကြေးကို  ၎င်းတို့ အသက် ၁၈ နှစ်ပြည့်သည့်    အချိန်အထိ အဆိုပါရန်ပုံငွေမှ တစ်ဆင့် ပေးသွားမည်ဖြစ်သည်။

ထို့ပြင် အဆိုပါရန်ပုံငွေဖြင့် ရင်ခွင်မဲ့ကလေးများ၏ ကျောင်းလစဉ်ကြေး၊ ယူနီဖောင်းနှင့် စာအုပ်များကဲ့သို့ ကျောင်းသုံး လိုအပ်ချက်များကိုလည်း ထောက်ပံ့မည်ဖြစ်သည်။

ကလေးငယ်များအနေဖြင့် အသက် ၁၈ နှစ်ပြည့်ပါက လစဉ်ထောက်ပံ့ကြေး ရရှိမည်ဖြစ်ပြီး အသက် ၂၃ နှစ်ပြည့်ပါက ထောက်ပံ့ကြေးကို တစ်လုံးတစ်ခဲတည်း ရရှိမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ လူဦးရေ ၁ ဒသမ ၃ ဘီလီယံအနက် ၂၇ ရာခိုင်နှုန်းသည် အသက် ၁၄ နှစ်အောက် ကလေးငယ်များ ဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါကြောင့် ရင်ခွင်မဲ့ဖြစ်ရသည့် ကလေးငယ်သုံးသိန်းခွဲ ရှိမည်ဟု ခန့်မှန်းရသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ပုံမှန်ဝင်ငွေ ရှာဖွေပေးနေသူ ဆုံးရှုံးသွားသော မိသားစုများကိုလည်း အစိုးရက မိသားစုပင်စင်နှင့် အာမခံများပါသော အစီအစဉ်များဖြင့် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။