အိန္ဒိယတီထွင်သူများက ကျန်းမာရေးဝန်ထမ်းများကိုကူညီရန်စက်ရုပ်သုံးမျိုးကိုတီထွင်

နယူးဒေလီ၊ ပြည်တွင်းရေး

အိန္ဒိယနိုင်ငံ  မွမ်ဘိုင်းမြို့မှ တီထွင်သူ အဖွဲ့တစ်ဖွဲ့သည် ဆေးရုံများရှိ ကိုဗစ်-၁၉ လူနာများကို ကုသရေးတွင် ကျန်းမာရေး ဝန်ထမ်း များ၏  ရောဂါကူးစက်မှုအန္တရာယ်နှင့် ခန္ဓာကိုယ်ချင်းထိတွေ့မှု လျှော့ချရေးတွင်ကူညီရန် စက်ရုပ်သုံးမျိုးကို တီထွင်လိုက်သည်။

အဆိုပါစက်ရုပ်များကို ဦးဆောင်တီထွင် သူမှာ ဆန်တို့ဟူလာဝေဖြစ်ပြီး အခြားတီထွင်ဖန်တီးသူရှစ်ဦးနှင့်အတူ ဘက်စုံသုံးစက်ရုပ်၊ ဝန်ဆောင်မှုပေးလူတူစက်ရုပ်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးစက်ရုပ်တို့ကို တီထွင်ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဘက်စုံသုံးစက်ရုပ်ကို မည်သည့်ဆေးရုံ အမျိုးအစားအတွက်မဆို အသုံးပြုနိုင်ပြီး ဝန်ဆောင်မှုပေးလူတူစက်ရုပ်မှာ လူသား တစ်ဦး ကဲ့သို့ လူနာများကိုပြုစုကုသမှုများပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် အလေးချိန်ကီလိုဂရမ် ၂၀၀ အထိသယ်ဆောင်နိုင်သော ဘေး အန္တရာယ် စီမံခန့်ခွဲရေးစက်ရုပ်သည် လူနာတင်ယာဉ်မှ လူနာများကို ဆေးရုံများ သို့မဟုတ် ကွာရန် တင်းဌာနများသို့ သယ်ဆောင် ပေးနိုင်မည့် အပြင် ကိုယ်အင်္ဂါမသန်စွမ်းသူများကို ကူညီ ပေးနိုင်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံရှိ အခြားတီထွင်ဖန်တီးသူ အများအပြားကလည်း ပြီးခဲ့သည့်နှစ်တွင် ဆေးရုံရှိ ကိုဗစ်-၁၉ လူနာများကို ကုသရာတွင် ကျန်းမာရေးဝန်ထမ်းများကိုကူညီရန်နှင့် ထိတွေ့မှုနည်းသောဆက်သွယ်ရေး တို့အတွက် စက်ရုပ်အမျိုးမျိုးကိုဖန်တီးခဲ့ကြောင်း သိရသည်။

Ref: Sputnik