အိန္ဒိယနိုင်ငံမှ ပဲအဝယ်ကို ယခုလမှစ၍ အောက်တိုဘာလအထိ ခွင့်ပြုပေးလိုက်သဖြင့်  ပြည်တွင်းပဲသုံးမျိုး ဈေးကွက်မတည်မငြိမ် ဖြစ်နေ

အိန္ဒိယနိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်ရေးမူဝါဒများ ပြောင်းလဲမှုကြောင့် ပြည်တွင်းရှိ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံအဝယ်ကို မေ ၁၅ ရက်မှစ၍ အောက်တိုဘာလအထိ   လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုပေးလိုက်သဖြင့် မန္တလေး ပဲဈေးကွက်တွင်     မတည်မငြိမ်ဖြစ်နေကြောင်း မန္တလေး ပဲဈေးကွက်မှ သိရသည်။

''အိန္ဒိယအစိုးရက မြန်မာနိုင်ငံက ထွက်တဲ့ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းကို ၂ဝ၁၇ ခုနှစ်ကစပြီး ကန့်သတ်ဝယ်ယူမှုတွေ ရှိခဲ့တယ်။ ဈေးကွက်မှာလည်း ကမောက်ကမတွေနဲ့ ကြုံခဲ့ရတယ်။ ဒီနှစ်မှာတော့ မေ ၁၅   ရက်နောက်ပိုင်းကစပြီး  အိန္ဒိယအစိုးရက ကုန်သွယ်ရေး မူဝါဒကိုဖြေလျှော့ပြီး မြန်မာနိုင်ငံက မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်း သုံးမျိုးကို အကန့်အသတ်မရှိ အောက်တိုဘာလအထိ တင်သွင်းခွင့်ပြုထားလို့  ပြည်တွင်းပဲဈေးကွက် လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ အရောင်းအဝယ်ကလည်း  သိသိသာသာ ဈေးတွေတက်လာတယ်'' ဟု  မန္တလေး ပဲဈေးကွက်ရှိ စိုးဝင်းမြင့်ပွဲရုံမှ ဦးစိုးဝင်းမြင့် ကပြောသည်။

လက်ရှိကာလတွင် ပဲတီစိမ်းအသစ်ပေါ်နေပြီး  ဇွန်လဆန်းပိုင်းတွင် မတ်ပဲအသစ် ပေါ်မည်ဖြစ်ကာ ပဲစင်းငုံသည် ဆောင်းသီးနှံအနေဖြင့် အရောင်းအဝယ် ရှိနေသည်။

မန္တလေးပဲဈေးကွက်အတွင်း ပဲစင်းငုံ ပေါ်ဦးကာလတွင် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၇ဝဝဝဝ ပေါက်ဈေးရှိပြီး ယခုငွေကျပ် ၉၂ဝဝဝ နှင့် မတ်ပဲပေါ်ဦးကာလတွင်   သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၈ဝဝဝဝ ပေါက်ဈေးရှိပြီး ယခု ငွေကျပ် ၁၂၂ဝဝဝ အထိ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

ပဲတီစိမ်းသည် တရုတ်နိုင်ငံမှ အဝယ်ရှိသည့်အပြင် အိန္ဒိယနိုင်ငံ အနေဖြင့်လည်း အကန့်အသတ်မရှိ  လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပေးထားသည့်အတွက် ယခုပေါက်ဈေးသည် တစ်တင်းလျှင် ငွေကျပ် ၃ဝဝဝဝ ရှိကြောင်း၊ မန္တလေး ပဲဈေးကွက်၌ ပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၉ဝဝဝဝ ဝန်းကျင်တွင် ရှိနေသောကြောင့် စိုက်ပျိုးသူ တောင်သူများ အနေဖြင့် ယခုနှစ် ပဲဈေးကွက်သည် အမြတ်များရရှိကာ အဆင်ပြေနေကြောင်း သိရသည်။