အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးပြည်နယ်က ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက် မခံရစေရန် ကြိုတင်ပြင်ဆင်နေ

အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးပြည်နယ် ဖြစ်သော မဟာရက်ရှထရာ ပြည်နယ်သည်  နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ တတိယ အကျော့ဖြစ်ပွားမှုတွင် ကလေးငယ်များ ရောဂါကူးစက် မခံရစေရန် ကြိုတင်ပြင်ဆင် နေကြောင်း သိရသည်။

နိုင်ငံအနောက်ပိုင်းရှိ အဆိုပါပြည်နယ်သည် ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးများ အပါအဝင် ကလေးငယ်များကို ရောဂါကူးစက် ပျံ့နှံ့မှုများမှ ကာကွယ်တားဆီးမှု ပထမ ဆုံးခံစစ်စည်း အနေဖြင့် ကျန်းမာရေးဝန်ထမ်း ထောင်ပေါင်းများစွာကို  လေ့ကျင့်ပေးနေ ကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ဇွန် ၂၉ ရက်တွင်ပြောသည်။

နိုင်ငံ၏ဘဏ္ဍာရေး မြို့တော်ဖြစ်သော မွမ်ဘိုင်းမြို့ပါဝင်သည့် အဆိုပါပြည်နယ်သည် ဧပြီလနှင့် မေလတွင်ဖြစ်ပွားသော ကိုဗစ်-၁၉ ရောဂါဒုတိယအကျော့ ဖြစ်ပွားမှုတွင် အဆိုး ဆုံးအခြေအနေနှင့် ခံစားရသော ပြည်နယ် ဖြစ်ပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရ သည်။

သို့သော် ယခုအချိန်ထိတိုင် တစ်နိုင်ငံလုံးတွင် ဖြစ်ပွားသော ကိုဗစ်-၁၉ ရောဂါကူးစက်မှုစုစုပေါင်း၏  လေးပုံတစ်ပုံက  မဟာရက်ရှထရာပြည်နယ်မှ ဖြစ်နေဆဲဖြစ်သည်။

ကလေးငယ်များသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရနိုင်ခြေ အများဆုံးသူများ ဟုတ်၊ မဟုတ်နှင့် ပတ်သက်၍ တရားဝင် အချက်အလက်များ မရရှိထားသော်လည်း ဧပြီလမှ ဇွန်လလယ်အထိ အစိုးရကပြုလုပ်သော စစ်တမ်းကောက်ယူမှု တစ်ခုတွင်မူ အသက် ၁၈ နှစ်အောက်ကလေးငယ် ထက်ဝက်နီးပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးကို တုံ့ပြန်သည့် ပဋိပစ္စည်းများ ရှိနေသည်ကို တွေ့ရသည်။

ထို့ကြောင့် ဖြစ်လာနိုင်သည့် တတိယ အကျော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့ မှုတွင် ကလေးငယ် အမြောက်အမြားမှာ အဆိုပါရောဂါ ကူးစက်ခံရနိုင်ကြောင်း အစိုးရ အဖွဲ့အကြံပေးတစ်ဦးဖြစ်သည့် ဒေါက်တာ ဆပ်ဟားဆာလွန်း ကပြောသည်။

အိန္ဒိယနိုင်ငံအနေဖြင့် အက်စထရာဇီနီကာ ကုမ္ပဏီထုတ်နှင့် ပြည်တွင်းဖြစ်ကာကွယ် ဆေးများကို    အသုံးပြုနေသော်လည်း မည်သည့်ဆေးကိုမျှ   ကလေးများတွင် ထိုးနှံခွင့်မပြုထားသေးကြောင်း သိရသည်။