အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ မြေပြိုမှုများဖြစ်ပွား အနည်းဆုံး ၂၅ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ မြေပြိုမှုများဖြစ်ပွား အနည်းဆုံး ၂၅ ဦးသေဆုံး

မွမ်ဘိုင်း၊ သဘာဝဘေး

အိန္ဒိယနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်း ပြီးနောက် မွမ်ဘိုင်းမြို့၏ ဆင်ခြေဖုံး ရပ်ကွက် သုံးခုတွင် မြေပြိုမှုများဖြစ်ပွားရာ အနည်းဆုံး လူ ၂၅ ဦးသေဆုံးကြောင်း ဒေသတွင်း တာဝန်ရှိသူများက ဇူလိုင် ၁၈ ရက်တွင်ပြောသည်။

ထို့ပြင် သစ်ပင်တစ်ပင်လဲကျမှုကြောင့် အနီးရှိ အုတ်တံတိုင်းပြိုကျပြီး အုတ်တံတိုင်း တစ်ဖက်တွင် နေထိုင်သူများအပေါ် ပိမိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့ကပြောသည်။

အဆိုပါနေရာရှိ အပျက်အစီးများ အောက်မှ ရုပ်အလောင်း ၁၂ လောင်းကို ရရှိထားကြောင်း၊ ကယ်ဆယ်ရေး သမားများကလည်း ရှာဖွေကယ်ဆယ်မှုများကို လုပ်ဆောင်နေကြောင်း ထိုအဖွဲ့က ထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားသည့်အတွက် မွမ်ဘိုင်း ဒေသ တစ်ဝန်း    နေအိမ်များပြိုကျမှု သို့မဟုတ် အုတ်တံတိုင်းများ ပြိုကျမှုဖြစ်စဉ်သည် ၂၄ နာရီ အတွင်း ၁၁ ခုရှိကြောင်း  တာဝန်ရှိသူများကပြောသည်။

အိန္ဒိယမိုးလေဝသဌာနကမူ လာမည့် နှစ်ရက်အတွင်း မိုးထစ်ချုန်းစွာရွာသွန်းမှု များ ဆက်လက်ဖြစ်ပေါ် နိုင်မည်ဖြစ်ကြောင်း  ဇူလိုင် ၁၈ ရက် နံနက်ပိုင်းတွင်သတိပေးချက် ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ၌ မုတ်သုံရာသီဖြစ်သည့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း မိုးသည်း ထန်စွာရွာသွန်းလေ့ရှိကာ နေအိမ်ပြိုကျမှု များလည်းဖြစ်ပွားလေ့ရှိကြောင်းနှင့် အထူး သဖြင့် သက်တမ်းရင့်နေအိမ်များနှင့် တရားမဝင်ဆောက်လုပ်ထားသည့် နေအိမ်များ ပြိုကျခြင်းဖြစ်ကြောင်း သိရသည်။

Ref: TST