အိန္ဒိယအစိုးရက မူဆလင်မဟုတ်သည့် ဒုက္ခသည်များကို နိုင်ငံသားဖြစ်ခွင့် ပေးရန် ဖိတ်ခေါ်

အိန္ဒိယအစိုးရသည် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့်   ပါကစ္စတန်နိုင်ငံတို့မှ မူဆလင် မဟုတ်သည့်    ဒုက္ခသည်များကို နိုင်ငံ၏ နိုင်ငံသားပြုခွင့် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ပေးရန် ဖိတ်ခေါ်နေကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါ သုံးနိုင်ငံမှ ဟိန္ဒူ၊ ဆစ်၊ ခရစ်ယာန်၊ ဂျိန်းနှင့် ဗုဒ္ဓဘာသာဝင် ဒုက္ခသည်များကို နိုင်ငံသား ဖြစ်ခွင့်ပေးရန် ကမ်းလှမ်းခြင်းဖြစ်သည်။

သို့သော် နိုင်ငံသားအဖြစ် လျှောက်ထားလိုသူများသည်  လက်ရှိတွင်   ဂူဂျာရတ်၊ ချက်တစ္စဂါ၊ ရာဂျက်စသန်၊ ဟာယာနာနှင့် ပန်ဂျပ်ပြည်နယ်တို့ရှိ  ခရိုင်  ၁၃  ခုတွင် နေထိုင်နေသူများ ဖြစ်ရမည်ဖြစ်သည်။

အိန္ဒိယအစိုးရသည်  နိုင်ငံသားပြုခွင့် ဥပဒေပြင်ဆင်ချက်ကို ၂ဝ၁၉ ခုနှစ်တွင် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီလက်မှတ်ထိုးကာ အတည်ပြုလိုက်ခြင်းဖြစ်သည်။

အဆိုပါဥပဒေကိုပြင်ဆင်ချက်အပေါ် မူဆလင်အများစုက စောဒကတက် ကန့်ကွက်မှုများ ရှိခဲ့သော်လည်း     မိုဒီ၏ အစိုးရက အတည်ပြုခြင်းဖြစ်သည်။

ထိုဥပဒေအရ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ဖော်ပြပါပြည်နယ်များ၌ နေထိုင်သော အိမ်နီးချင်း သုံးနိုင်ငံမှ မူဆလင် မဟုတ်သည့် ဒုက္ခသည်များ အနေဖြင့် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်ကြောင်း သိရသည်။