အိန္ဒိယအစိုးရက အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ရေးအတွက် ရူပီးထရီလီယံ ၁ဝဝ အသုံးပြုပြီး အခြေခံအဆောက်အအုံများ ဆောက်လုပ်မည်

အိန္ဒိယအစိုးရက အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ရေးအတွက် ရူပီးထရီလီယံ ၁ဝဝ အသုံးပြုပြီး အခြေခံအဆောက်အအုံများ ဆောက်လုပ်မည်

အိန္ဒိယအစိုးရသည် နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ    ပိုမိုဖန်တီးနိုင်ရန်နှင့် နိုင်ငံ၏ရာသီဥတု ရည်မှန်းချက်များ ရရှိရေးအတွက် သန့်ရှင်းစွမ်းအင်များ ပိုမိုအသုံးပြုနိုင်ရန်   ရူပီးထရီလီယံ ၁ဝဝ ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်နာရန်ဒရာမိုဒီက သြဂုတ် ၁၅ ရက် တွင်ပြောသည်။

ဂါတီရှက်တီဟု အမည်ပေးထားသည့် အခြေခံ အဆောက်အအုံ အစီအစဉ်သည် စက်မှုလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကို တိုးတက်စေမည့်အပြင်  စီးပွားရေးကိုပါ တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း နယူးဒေလီမြို့၌ ကျင်းပသော အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနားမိန့်ခွန်းတွင် မိုဒီကပြောခြင်းဖြစ်သည်။

ဝန်ကြီးချုပ်က အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ပြောခြင်းမရှိသော်လည်း  ထိုစီမံကိန်းကြောင့်  ဒေသတွင်း လုပ်ငန်းရှင်များအနေဖြင့် ကမ္ဘာနှင့်ရင်ပေါင်တန်း ယှဉ်ပြိုင်လာနိုင်မည်ဖြစ်ကာ အနာဂတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကဏ္ဍအသစ်ကို ဖွင့်လှစ်နိုင်စေမည်ဖြစ်ကြောင်း ပြောထားသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် သိသိသာသာ ကျဆင်းသွားသည့်  နိုင်ငံ့စီးပွားရေးကို ပြန်လည်ဆွဲတင်နိုင်ရေးကို အလေးထား၍    မိုဒီကယခုစီမံကိန်းကို ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်သည်။

အလားတူ ဝန်ကြီးချုပ်သည် ၂ဝ၄၇ ခုနှစ် အရောက်တွင် မှီခိုမှုကင်းသော စွမ်းအင်များကိုပိုင်ဆိုင်နိုင်ရေး ရည်မှန်းထားကြောင်း၊ ထိုရည်မှန်းချက် အောင်မြင်စေရေးသည် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များ အသုံးပြုမှု၊ သဘာဝဓာတ်ငွေ့ကို အခြေခံသည့်   စီးပွားရေးကို ဆောင်ရွက်မှုနှင့် ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုအတွက်   အချက်အချာ နေရာဖြစ်အောင် ဆောင်ရွက်မှုတို့အပေါ် မူတည်နေကြောင်း လွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် ပြောထားသည်ဟုသိရသည်။