အိန္ဒိယ၌ မီးရထားသုံးစင်းဆင့်တိုက်မှုဖြစ်ပွား၊ လူ ၃၀၀ နီးပါးသေဆုံး

အိန္ဒိယ၌ မီးရထားသုံးစင်းဆင့်တိုက်မှုဖြစ်ပွား၊ လူ ၃၀၀ နီးပါးသေဆုံး

အိန္ဒိယနိုင်ငံ သြရိဿပြည်နယ်ရှိ ဘာလာဆိုးမြို့၌ မီးရထားသုံးစင်းဆင့်တိုက်မှုဖြစ်ပွားရာ လူ ၃၀၀ နီးပါးသေဆုံးပြီး ရာပေါင်းများစွာမှာ ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ဇွန် ၃ ရက်တွင် ပြောသည်။

နှစ်ပေါင်း ၂၀ ကျော်အတွင်း လူအသေအပျောက်အများဆုံးသော မီးရထားမတော်တဆမှုဖြစ်သည့် အဆိုပါ မီးရထား သုံးစင်းဆင့်တိုက်မှုကြောင့် မီးရထားတွဲအများအပြား အဝေးသို့လိမ့်သွားကာ အချို့တွဲဆိုင်းများမှာ မှောက်ခုံဖြစ်သွားကြောင်း တွေ့ရသည်။

ဘန်ဂါလူရူမြို့မှ   ကိုးကတ္တားမြို့သို့ မောင်းနှင်လာသည့် အဆန်ရထားတစ်စင်းသည် လမ်းချော်ပြီးနောက် အနီးရှိမီးရထားလမ်းပေါ်သို့ ကျသွားသည်။

မိနစ်အနည်းငယ်အကြာတွင် ကိုးကတ္တားမြို့မှ ချန်နိုင်းမြို့သို့ထွက်ခွာလာသည့် အစုန်ရထားတစ်စင်းမှာ ၎င်း၏သံလမ်းပေါ်တွင်ရှိနေသည့် အဆန်ရထားကို ဝင်တိုက်မိသည်။

ထိုရထားမှ ရထားတွဲဆိုင်းအချို့မှာ အနီးတွင်ရပ်ထားသည့် ကုန်စည်တင်ရထားတစ်စင်းကို ဆက်လက် တိုက်မိသည်။

ကယ်ဆယ်ရေး အဖွဲ့ဝင်များမှာ အပျက်အစီးများကြားထဲတွင်    ပိတ်မိနေသည့် အသက်ရှင်ကျန်ရစ်သူများကို  ကြိုးစားပမ်းစားဆွဲထုတ်နေရကြောင်းနှင့် လက်ရှိအချိန်တွင် သေဆုံးသူအရေအတွက်မှာ ၃၀၀ နီးပါးသာရှိသေးသော်လည်း ၄၀၀ နီးပါးအထိမြင့်တက်လာနိုင်ကြောင်း သြရိဿပြည်နယ် မီးသတ်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဆူဒန်ဆုဆာရန်ဂီကပြောသည်။

အိန္ဒိယနိုင်ငံ၌ မီးရထားမတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ၎င်းတို့အနက် အဆိုးဆုံးတစ်ခုမှာ ၁၉၈၁ ခုနှစ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ဘီဟာပြည်နယ်ရှိတံတားတစ်စင်းကို ဖြတ်သန်းနေသည့် မီးရထားတစ်စင်းမှာ လမ်းချော်ကာ ရေထဲထိုးကျသွားရာ လူ ၈၀၀ မှ ၁၀၀၀ ကြားသေဆုံးကြောင်း သိရသည်။

Ref: Bangkok Post