အိန္ဒိယ၌ မှိုပိုးဝင်ခြင်းရောဂါကုသမှုအတွက် ဆေးဝါးအမြောက်အမြားလိုအပ်နေ

နယူးဒေလီ၊ ကျန်းမာရေး

ကိုဗစ်-၁၉ ရောဂါ ဒုတိယအကျော့ကူးစက်မှုမြင့်တက်နေသည့်အပြင် မြူကော်မိုင်ကော့ဆစ်ဟုခေါ်သည့် မှိုပိုးဝင်ခြင်း ရောဂါကူးစက် ပျံ့နှံ့မှုကိုပါကြုံတွေ့နေရသည့် အိန္ဒိယနိုင်ငံ၌ အဆိုပါမှိုပိုးဝင်ခြင်းရောဂါကုသမှုအတွက် ဆေးဝါးအမြောက်အမြား လိုအပ်နေကြောင်း သိရသည်။

ဓာတုပစ္စည်းနှင့်မြေသြဇာဝန်ကြီးဌာနကမူ ထိုရောဂါကိုကုသရာတွင် အသုံးပြုသည့်အမ်ဖိုတီရီစင်း-ဘီ ဆေးအလုံးပေါင်း ၂၉၂၅၀ ပြည် နယ်များသို့ ခွဲဝေချထားပေးသည်။ အိန္ဒိယနိုင်ငံတစ်ဝန်း၌ မှိုပိုးဝင်ခြင်းရောဂါကူးစက်ခံရသူ ၁၁၀၀၀ ကျော်ရှိပြီး ရောဂါကူးစက်မှု အများဆုံး ပြည်နယ်များဖြစ်သည့် မဟာရက်ရှထရာနှင့် ဂူဂျာရတ်ပြည်နယ်တို့၌ ရောဂါကူးစက်ခံရသူ ၂၈၅၉ ဦးနှင့် ၂၇၇၀ ကျော်   အသီးသီးရှိကာ အမ်ဖိုတီရီစင်း-ဘီ ဆေးအလုံးပေါင်း ၆၀၀၀ ကျော်နှင့် ၇၀၀၀ ကျော်သာရရှိထားသည်။

သို့သော် ပြည်နယ်များတွင် အဆိုပါရောဂါကူးစက်ခံရသူ ပိုမိုများပြားလာနေသဖြင့် ရောဂါကူးစက်ခံရသူ အရေအတွက်နှင့် လိုအပ်သည့် ဆေးဝါးအရေအတွက်ကြားကွာဟချက်မှာ အလွန်ကြီးမားကြောင်း နယူးဒေလီတရားရုံးချုပ်က ပြောသည်။

ရောဂါကူးစက်ခံရသူတစ်ဦးအနေဖြင့် ခွဲစိတ်မှုမခံယူမီနှင့် ခွဲစိတ်ပြီးချိန်အထိ အမ်ဖိုတီရီစင်း-ဘီ ဆေး ၁၂ လုံးကို အဆက်မပြတ် ထိုးရန်လိုအပ်ကြောင်းနှင့် မဟာရက်ရှထရာ ပြည်နယ်အနေဖြင့် အဆိုပါဆေးအလုံးပေါင်း ၆၀၀၀၀ ကျော်လိုအပ်ကြောင်း ဆရာဝန် တစ်ဦးက ပြောသည်။

အစိုးရအနေဖြင့် အဆိုပါဆေးအလုံးပေါင်း ငါးသိန်းကို ယခုလကုန်တွင်ရရှိစေရမည်ဟုပြောထားပြီး ဆေးအလုံးပေါင်း ခုနစ်သိန်းနီးပါး ထုတ်လုပ်နိုင်ရေးအတွက်လည်း ကုမ္ပဏီငါးခုကို ဆေးဝါးထုတ်လုပ်ခွင့်ပေးထားကြောင်း သိရသည်။      

Ref: Sputnik