အီတလီတောင်ပိုင်း၌ အပူချိန်စံချိန်တင်မြင့်တက်ပြီးနောက် တောမီးလောင်မှုများဖြစ်ပွား

ရောမ၊ သဘာဝဘေး

အီတလီနိုင်ငံတောင်ပိုင်း စစ္စလီဒေသ၌ အပူချိန် ၄၈ ဒသမ ၈  ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ပြီးနောက် တစ်ရက်အကြာ သြဂုတ် ၁၂ ရက်တွင်   နိုင်ငံတောင်ပိုင်းတစ်ဝန်း၌ လေပူများတိုက်ခတ်ပြီး တောမီးလောင်မှုများဖြစ်ပွားကြောင်းသိရသည်။

မီးသတ်သမားများအနေဖြင့် ပြီးခဲ့သည့် ၁၂ နာရီအတွင်း မီးလောင်မှုဖြစ်ပွားသည့်နေရာ ၅၀၀ ကို   မီးငြှိမ်းသတ်မှုများ လုပ်ဆောင်ပြီး လေယာဉ်ငါးစင်းအသုံးပြုရကြောင်းနှင့် အခြေအနေကိုထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

အတ်နာမီးတောင်၏တောင်စောင်းရှိ လင်ဂွါဂလော့ဆာမြို့ငယ်နှင့် စစ္စလီဒေသရှိ  ပါလာမိုမြို့တော်မှ ကီလိုမီတာ ၁၀၀ အကွာရှိ မာဒိုနီတောင်များ၌ သစ်ပင်များစွာမီးလောင်နေကြောင်း ဒေသတွင်းသတင်း ဌာနကထုတ်ပြန်သည်။

ဒေသအတွင်း အပူလှိုင်းဖြတ်သန်းမှုသည် အမြင့်ဆုံးအထိရောက်ရှိနိုင်သည့်အတွက် သြဂုတ် ၁၃ ရက်တွင် ရောမမြို့အပါအဝင်    မြို့များစွာ၌  အပူချိန်များမြင့်တက်မည်ဟုမျှော်မှန်းရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ္စလီကျွန်း အရှေ့တောင်ပိုင်းရှိ ဆိုင်ရာကုမြို့အနီးတွင်ဖြစ်ပွားသော အဆိုပါအပူချိန်မြင့်တက်မှုသည် ဥရောပဒေသ၏ သမိုင်းတစ် လျှောက် အမြင့်ဆုံးဖြစ်နိုင်သည်ဟု သိပ္ပံပညာရှင်အချို့က ယူဆထားသည်။ သို့သော်  ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အတည်ပြု ချက်ရရှိရန် လိုအပ်သည်။

အကယ်၍အချက်အလက်များ မှန်ကန်ပါက ထိုအပူချိန်မြင့်တက်မှုသည် ၁၉၇၇ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် အေသင်မြို့၌ တိုင်းတာရရှိသော  အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ကာ    ဥရောပအတွင်းအမြင့်ဆုံးအပူချိန်ဖြစ်လာနိုင်မည် ဖြစ်ကြောင်း မိုးလေဝသပညာရှင်   မန်နျူယယ်မတ်ဇောလီနီက ပြောသည်။

Ref: TST