အီတလီနိုင်ငံရှိ ဆေးရုံအပြင်ဘက်၌ မြေကျွံမှုဖြစ်ပွား၊ ကားများစွာပြုတ်ကျ

 

ရောမ၊ မတော်တဆမှု

အီတလီနိုင်ငံ နာပယ်ဆေးရုံအပြင်ဘက် ကားရပ်နားရာနေရာ၌ ဇန်နဝါရီ ၈ ရက် တွင် မြေကျွံမှုတစ်ခု ဖြစ်ပွားရာ ကားများစွာမှာ အောက်သို့ပြုတ်ကျသွားကြောင်းနှင့်  လူနာများကို ဘေးကင်းရာသို့ရွှေ့ပြောင်း ပေးခဲ့ရကြောင်း ထုတ်ပြန်ချက်အရသိရသည်။

စတုရန်းမီတာ ၅၀၀ ခန့်ရှိသောတွင်းကြီးထဲသို့ ကားများပြုတ်ကျသွားသော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းနှင့် ယင်း ဖြစ်စဉ်ကြောင့် ဆေးရုံ၌ရေနှင့် လျှပ်စစ်ဓာတ်အား    ပြတ်တောက်သွားကြောင်း မီးသတ်တပ်ဖွဲ့ဝင်များကပြောသည်။

ယင်းကဲ့သို့မြေကျွံမှုဖြစ်ပွားခြင်းသည် မြေအောက်ရေအသုံးပြုမှုကြောင့်ဖြစ်သည်ဟု ကမ်ပါနီယာဒေသ အကြီးအကဲ ဗင်ဆန်ဇိုဒီလူကာကပြောသည်။ နာပယ်ဆေးရုံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု  ပထမအကျော့ဖြစ်ပွားစဉ်တွင် ထိုရောဂါကူးစက်ခံရသည့်လူနာများကို ထားရှိသည့်နေရာဖြစ်ပြီး   မြေကျွံကျမှု ဖြစ်ပွားစဉ်တွင် ဆေးရုံ၌ ကိုဗစ်-၁၉ လူနာ  ခြောက်ဦးသာရှိကြောင်းသိရသည်။

ယခုအခါ အဆိုပါလူနာဆောင်တွင် ရေပူနှင့်လျှပ်စစ်ဓာတ်အား မရရှိမှုကြောင့်  ထိုလူနာဆောင်ကို   ယာယီပိတ်ထားရကြောင်း ဆေးရုံတာဝန်ရှိသူများကပြောသည်။

Ref: CNA