အီရန်က နျူကလီးယား သဘောတူစာချုပ် ပြန်အသက်ဝင်စေရန် တစ်ဆင့်ပြီးတစ်ဆင့် ဆွေးနွေးမည် မဟုတ်ဟုဆို

တီဟီရန်၊ နိုင်ငံရေး

အီရန်အနေဖြင့် ၂ဝ၁၅ ခုနှစ် နျူကလီးယား သဘောတူစာချုပ် ပြန်အသက်ဝင်စေရန်   တစ်ဆင့်ပြီးတစ်ဆင့်   ဆွေးနွေးမည် မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၃ ရက်တွင် ထုတ်ပြန်သည်။

၂ဝ၁၅ ခုနှစ် နျူကလီးယား သဘောတူ စာချုပ်တွင် ပါဝင်သော ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် အီရန်တာဝန်ရှိသူများကြား ဆွေးနွေးပွဲကို ဧပြီ ၆ ရက်တွင် ဗီယင်နာမြို့၌ ကျင်းပမည်ဖြစ်ပြီး ထိုဆွေးနွေးပွဲသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်မည်ဟု    ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် အီရန်ဘက်က ယခုကဲ့သို့တုံ့ပြန်ခြင်း ဖြစ်သည်။

အီရန်နိုင်ငံက    ယခင်အကြိမ်ပေါင်း များစွာ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီးသည့် အတိုင်း   နျူကလီးယား သဘောတူစာချုပ် ပြန်အသက်ဝင်စေရေး အတွက် တစ်ဆင့်ပြီးတစ်ဆင့် ဆွေးနွေးရန် စဉ်းစားထားခြင်း မရှိကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆာအိခါတစ်ဇာဒက်က နိုင်ငံပိုင် သတင်းဌာနသို့ ပြောသည်။

ထို့ပြင် အီရန်ကိုယ်စားလှယ် အဖွဲ့အနေဖြင့်    အမေရိကန် တာဝန်ရှိသူများနှင့် မည်သည့်အဆင့်တွင်မဆို   ဆွေးနွေးမည် မဟုတ်ကြောင်း အီရန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အာဘက်အာရက်ချီကလည်း ပြောထားသည်။

အမေရိကန်သမ္မတဟောင်း  ဒေါ်နယ်ထရမ့်က   ၎င်းအာဏာရှိစဉ်တွင်   အီရန်နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ပြီးနောက် အီရန်နိုင်ငံအပေါ်  အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့သည့်အတွက် အီရန်ဘက်ကလည်း   စာချုပ်ပါ အချက်အချို့ကို ဖောက်ဖျက်ခဲ့သည်။