အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ကိုဗစ်-၁၉ ရောဂါအောက်ကျရှုံးနေတဲ့ လက်တင်အမေရိက

လက်တင်အမေရိကဒေသမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယအကျော့ဟာ ပထမအကျော့ထက်တော့ ပိုဆိုးတာအမှန်ပါပဲ။ ဘယ်လောက်အထိ ဆိုးလဲဆိုရင် ကိုဗစ်-၁၉ ရောဂါကြောင့် အသက်ရှူရခက်ခဲနေတဲ့   ချစ်ခင်ရသူတွေအတွက် မိသားစုဝင်တွေက အောက်ဆီဂျင်အိုးတွေကို တန်းစီပြီးဝယ်နေရတဲ့မြင်ကွင်းက သက်သေပါပဲ။

ဝယ်လိုအားမြင့်တက်လာရင် ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်လာမယ်ဆိုတဲ့ နိယာမအရ  အောက်ဆီဂျင်အိုး တွေရဲ့ ဈေးနှုန်းကလည်း    မိုးထိအောင်မြင့်တက်လာပါတော့တယ်။ သုတေသနပညာရှင်တွေရဲ့   လေ့လာ ခန့်မှန်းချက်အရဆိုရင် ဇန်နဝါရီ ၁၄ ရက်တုန်းက ဘရာဇီးနိုင်ငံမြောက်ပိုင်းမှာ အောက်ဆီဂျင်မရလို့   သေဆုံးသွားရတဲ့ ကိုဗစ်-၁၉ ရောဂါသည် အယောက် ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉     ရောဂါဖြစ်ပွားသူ ငါးယောက်မှာတစ်ယောက်က အသက်ရှူရခက်မှုသက်သာစေဖို့အတွက် အောက်ဆီဂျင် ကုထုံးလိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် လက်ရှိလက်တင် အမေရိကဒေသမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၉ သန်းကျော်အနက် လေးသန်းနီးပါးက အောက်ဆီဂျင် လိုအပ်တယ်လို့ သုံးသပ်နိုင်ပါတယ်။

ဝင်ငွေနိမ့်နဲ့ ဝင်ငွေအလယ်အလတ်ရှိ နိုင်ငံအများအပြားမှာရှိတဲ့ ဆေးရုံထက်ဝက်ကျော်က ဆေးရုံသုံးအောက် ဆီဂျင် လိုအပ်ချက်မြင့်မားနေပြီး တချို့ဆေးရုံတွေဆိုရင်  အောက်ဆီဂျင်လုံးဝပြတ်သွားတဲ့အထိ ကိုဖြစ်နေ တယ်လို့ PATH အမည်ရှိ ပြည်သူ့ကျန်းမာရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။အဲဒီအဖွဲ့ကပြောသွားတဲ့  ဝင်ငွေ နိမ့်နဲ့ ဝင်ငွေအလယ်အလတ်ရှိ နိုင်ငံအများအပြားထဲမှာ လက်တင်အမေရိက ဒေသတစ်ခုလုံးနီးပါး ပါဝင်ပါ တယ်။

လီမာမြို့မှာဆိုရင် မောင်နှမနှစ်ဦးက သူတို့ဖခင်ရဲ့အသက်ဆက်လက် ရှင်သန်ရေးအတွက် လိုအပ်တဲ့ အောက်ဆီဂျင်အိုးရနိုင်ဖို့ကို စက်ရုံအပြင်ဘက်မှာ တစ်လှည့်စီစောင့်နေရပါတယ်။ အောက်ဆီဂျင်တစ်အိုး ရနိုင်ဖို့ တစ်ကြိမ်တန်းစီရင် ရက်ပေါင်းများစွာ ကြာပါတယ်။ ဒီအတွက်ကြောင့်   အိပ်ရတော့လည်း စက်ရုံ အပြင်ဘက် မြက်ခင်းပြင်မှာပဲ တစ်ယောက်တစ်လှည့်စီ အိပ်ကြရပါတယ်။

သူတို့စောင့်နေတဲ့ စက်ရုံကတော့ ခရိုင်ယိုဂက်(စ်)ဆိုတဲ့စက်ရုံပါ။ အဲဒီစက်ရုံက သူများတွေနဲ့တန်းတူ   အောက်ဆီဂျင်ကို ဈေးတင်ရောင်းခြင်းမပြုဘဲ ပုံမှန်ဈေးအတိုင်းပဲ ရောင်းချပေးနေတဲ့အတွက် နာမည်ကျော်တဲ့ စက်ရုံဖြစ်ပါတယ်။ စက်ရုံပိုင်ရှင် ဟိုဆေးလူဝစ္စဘာဆယ်လို ဆိုရင်လည်း အောက်ဆီဂျင်နတ်သားလို့တောင်မှ အမည်ပြောင်ရထားသူပါ။ သူက အောက်ဆီဂျင်အိုးရဖို့ တန်းစီနေသူတွေထဲမှာ အမြတ်အဆမတန် တင်ရောင်း မယ့် ပွဲစားတွေမပါလာစေဖို့ကိုလည်း ရဲတပ်ဖွဲ့ကို ခေါ်ယူအကူအညီတောင်းထားပါသေးတယ်။

ပီရူးနိုင်ငံမှာတော့ ၁၀ ကုဗမီတာရှိတဲ့ အောက်ဆီဂျင်အိုးတစ်လုံးကို အမေရိကန်ဒေါ်လာ ၃၃၀ ကနေ ၆၉၀ ကြား အထိ ပေါက်ဈေးရှိပါတယ်။ အိုးနဲ့မဟုတ်ဘဲ အောက်ဆီဂျင်အလွတ်အတွက်ကတော့ တစ်ကုဗမီတာကို ၅ ဒေါ်လာကနေ ၁၃ ဒေါ်လာကြားအထိ ဈေးတင်ရောင်းချပါတယ်။ မက္ကဆီကိုနိုင်ငံရဲ့ မှောင်ခိုဈေးကွက် မှာတော့ လီတာ ၉၅၀၀ ပါတဲ့ အောက်ဆီဂျင်အိုးတစ်လုံးကို ပီဆို ၄၅၀၀၀ ပေးရပြီး လီတာ ၆၀၀၀ ပါတဲ့ အောက်ဆီဂျင်တစ်လုံးအတွက်တော့ ပီဆီု ၃၂၀၀၀ ပေးနေရပါတယ်။ ဒီပမာဏဟာ ပုံမှန်ဈေးထက်သုံးဆ မြင့်တက်နေတာပါ။

ဆင်းရဲမှုနှုန်းမြင့်တက်နေတဲ့ နီကာရာဂွာလိုနိုင်ငံမှာတော့ အောက်ဆီဂျင်အိုးတစ်လုံးရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၀၀၀ ကနေ ၁၅၀၀ အထိရှိနိုင်ပါတယ်။ ဒါကြောင့်လည်း    နီကာရာဂွာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကြောင့် လူသေဆုံးမှုနှုန်း မြင့်တက်နေရတာပါ။

PATH အဖွဲ့ရဲ့ထုတ်ပြန်ချက်အရဆိုရင် လက်တင်အမေရိကဒေသမှာ အောက်ဆီဂျင်လိုအပ်ချက်အမြင့်ဆုံးက ဘရာဇီးနိုင်ငံဖြစ်တာကိုတွေ့ရပါတယ်။ အဲဒီနိုင်ငံက တစ်ရက်ကို အောက်ဆီဂျင်အိုး ၃၂၇၀၀၀ လောက်လို အပ်နေတာပါ။ သူ့နောက်မှာတော့ မက္ကဆီကို၊ ကိုလံဘီယာ၊ အာဂျင်တီးနားနဲ့ ပီရူးနိုင်ငံတို့က တစ်ရက်တာ အောက်ဆီဂျင်အိုးလိုအပ်ချက် ၈၉၇၀၀၊ ၇၆၇၀၀၊ ၅၆၂၀၀၊ ၃၆၇၀၀ နဲ့ အသီးသီးရပ်တည်နေပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် လူသေဆုံးမှုမှာဆိုရင်လည်း လက်တင်အမေရိကဒေသက သေဆုံးသူ ၆၁၀၀၀၀ ကျော်နဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။ ပထမနေရာကိုတော့ ဥရောပဒေသက  သေဆုံးသူ ၇၆၂၀၀၀ နဲ့ရယူထားတာပါ။ လက်တင်အမေရိကဒေသမှာမှ ဘရာဇီးနဲ့မက္ကဆီကိုတို့က ဒေသတွင်းမှာ လူသေဆုံးမှု အများဆုံး နိုင်ငံတွေဖြစ်ပါတယ်။ ပီရူးနိုင်ငံကတော့ လူသေဆုံးမှုနှုန်းအများဆုံးဖြစ်ပါတယ်။

ပီရူးနိုင်ငံမှာ လူဦးရေ ၃၃ သန်းရှိပါတယ်။ အဲဒီထဲကမှ လူတစ်သိန်းမှာ ၁၂၅ ယောက်က ကိုဗစ်-၁၉ ရောဂါ နဲ့သေဆုံး နေတယ်လို့ဆိုပါတယ်။ လက်တင်အမေရိကဒေသဆိုတာ ဆင်းရဲမှုနှုန်းမြင့်တက်နေတဲ့ ဒေသတစ်ခု လို့ပြောရင် မမှားပါဘူး။ ဒီလိုဆင်းရဲမှုနှုန်းမြင့် တက်နေတဲ့ဒေသမှာ အောက်ဆီဂျင်အိုးတစ်လုံးကို မတန်တဆ ဈေးပေးပြီးဝယ်နေရတာဟာလည်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုနှုန်းကိုမြင့်တက်စေပြန်ပါတယ်။

ဒါကြောင့်လည်း လက်တင်အမေရိကဒေသဟာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ကိုဗစ်-၁၉ ရောဂါအောက် မှာ ကျရှုံးနေတဲ့ဒေသ ဖြစ်နေပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Source: TST

ထက်မြတ်