ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

နေပြည်တော် မတ် ၂၂

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်     ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ   ရှေ့နေချုပ် H.E. Mr.Igor Krasnov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန သံတမန်ခန်းမ၌ တွေ့ဆုံသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် H.E. Mr.Igor Krasnov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ ယခုခရီးစဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီး  H.E.Mr. Konstantin Chuy Chenko ၏ ဖိတ်ကြားချက်အရ ၂၀၂၂ ခုနှစ် ဇွန်၂၈ ရက်မှ ဇူလိုင် ၁ ရက် အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (10th St. Petersburg International Legal Forum) သို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်     ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်စဉ်  H.E.Mr. Konstantin Chuy Chenko နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့မှုအရ Memorandum of Cooperation နှစ်စုံကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနနှင့်သော်လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် သော်လည်းကောင်း လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်ခဲ့ခြင်း၏ နောက်ဆက်တွဲ ရလဒ်ဖြစ်သည်။

တွေ့ဆုံစဉ် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့ အကြား ဆက်သွယ် ဆောင်ရွက်ခဲ့မှု၊ ဥပဒေရေးရာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံဥပဒေ စနစ်နှင့် ဥပဒေပြုရေးဆိုင်ရာ သတင်းအချက်အလက်နှင့် အတွေ့အကြုံများ အပြန်အလှန်ဖလှယ်ခြင်း၊ ပူးတွဲဆွေးနွေးညှိနှိုင်းခြင်းများ၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် မျက်နှာစုံညီဆွေးနွေးမှုများကျင်းပခြင်း၊ အတွေ့အကြုံမျှဝေခြင်းနှင့် လေ့လာသင်ယူခြင်းတို့အတွက် ကျွမ်းကျင်ပညာရှင်များ စေလွှတ်ပေးနိုင်ရေးတို့ကို ခင်မင်ရင်းနှီးစွာ နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့ အကြား ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာကို ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်  H.E.Mr.Igor Krasnov တို့က လက်မှတ်ရေးထိုးကြသည်။

အဆိုပါ အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolai LISTOPADOV၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယရှေ့နေချုပ်နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ထို့နောက်    ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်    ဒေါက်တာသီတာဦးနှင့်    ဧည့်သည်တော်ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ် H.E.Mr.Igor Krasnov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်သည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး ရတနာဆင်ဖြူတော်ဆောင်တွင် ဆင်ဖြူတော်များကို အစားအစာများကျွေးမွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်  H.E.Mr.Igor  Krasnov  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Jasmine   Naypyitaw   Hotel ၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံရာ နေ့လယ်စာစားပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ  သံအမတ်ကြီး H.E. Dr. Nikolai  LISTOPADOV တို့ တက်ရောက်ခဲ့ကြသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်၏ ခရီးစဉ်အတွင်း  ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဆွေးနွေးညှိနှိုင်းမှုအစီအစဉ်အရ ပူးပေါင်းကျင်းပသည့် "SEMINOR ON LEGAL COOPERATION BETWEEN MINISTRY OF LEGAL AFFAIRS,THE REPUBLIC OF THE UNION OF MYANMAR AND THE PROSECUTOR GENERAL'S  OFFICE OF THE RUSSIAN FEDERATION" ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ   ရှေ့နေချုပ်ရုံး၊   နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဌာန၊   ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Sergey Vladimirovich PLOKHOV u "Topical direction of international legal cooperation of the Prosecutor General's Office of the Russian Federation in the context of modern threats and challenges" ဘာသာရပ်ကိုလည်းကောင်း၊ အဖွဲ့အစည်းဆိုင်ရာနှင့် သုတေသနဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Denis KUNEV က  "On the Russian experience of countering crimes in IT-sphere,including illicit turnover of cryptocurrency and other virtual assets" ဘာသာရပ်ကိုလည်းကောင်း ဆွေးနွေးပို့ချပြီး ဆွေးနွေးပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိ ၄၅ ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာထမ်း ၈ ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အရာထမ်း ၇ ဦး၊ Naypyitaw State Academy မှ ဥပဒေဘာသာရပ်အထူးပြု ကျောင်းသား/ကျောင်းသူ ၁၅ ဦး စုစုပေါင်း ၇၅ ဦး တက်ရောက်၍ ဆွေးနွေးပို့ချချက်များအပေါ် မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် H.E.Mr.Igor Krasnov  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် စိန်ရတုအခါ သမယအတွင်း လာရောက်သောခရီးစဉ်ဖြစ်ပြီး  အဆိုပါခရီးစဉ်အတွင်း ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခြင်း၊ ခရီးစဉ်အတွင်းညှိနှိုင်းမှုအစီအစဉ်အရ SEMINOR ON LEGAL COOPERATION ကျင်းပနိုင်ခြင်းတို့ကြောင့် နှစ်နိုင်ငံအကြားတည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်နားလည်မှုကို ပိုမိုခိုင်မာစေပြီး   နှစ်နိုင်ငံဆက်ဆံရေးအတွက်  အကျိုးဖြစ်ထွန်းစေနိုင်ကြောင်းနှင့် နှစ်နိုင်ငံအကြား ဥပဒေရေးရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။