ဥရောပဒေသ၌ ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူ ၉၃ ဦးအထိရှိလာ

ဘာလင်၊ သဘာဝဘေး

ဂျာမနီနှင့်ဘယ်ဂျီယံနိုင်ငံတို့အပါအဝင် ဥရောပဒေသ၌ ဆိုးဝါးသောရေလွှမ်းမိုးမှုများကြောင့် ဇူလိုင် ၁၆ ရက်အထိ သေဆုံးသူ ၉၃ ဦးအထိရှိလာပြီဖြစ်ကြောင်းနှင့် ပျောက်ဆုံးနေသူရာပေါင်းများစွာရှိကြောင်းသိရသည်။

သေဆုံးသူများအနက် အများစုမှာ ဂျာမနီနိုင်ငံအနောက်ပိုင်းမှဖြစ်ပြီး ကယ်ဆယ်ရေးသမားများက ပျောက်ဆုံးနေသူများကို အပူတပြင်း ရှာဖွေနေသည်။ ရီနီလန်း-ပါလာတီနာတေးပြည်နယ်၌ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူအယောက် ၅၀ ရှိသည့်အတွက် နိုင်ငံတစ်ဝန်း သေဆုံးသူစုစုပေါင်း ၈၁ ဦးရှိကြောင်း ဂျာမနီတာဝန်ရှိသူများကပြောသည်။

ဂျာမနီနိုင်ငံနှင့်အိမ်နီးချင်း ဘယ်ဂျီယံနိုင်ငံတွင်မူ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူအနည်းဆုံး ၁၂ ဦးရှိပြီး ဝေါလိုနီးယား ဒေသရှိပြည်သူ ၂၁၀၀၀ ကျော်မှာ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် လူဇင်ဘာ့နှင့် နယ်သာလန်နိုင်ငံတို့၌ ရေလွှမ်းမိုးမှု များကြောင့် ထိခိုက်ပျက်စီးမှုများရှိသော်လည်း ရေဘေးသင့် ဒေသမှ ပြည်သူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ကယ်ဆယ်ထားနိုင်သည်။

ဂျာမနီနိုင်ငံတွင်မူ မြောက်ရီနီ-ဝက်ပါလီယာနှင့်ရီနီလန်း-ပါလာတီနာတေးပြည်နယ်တို့မှာ ရေဘေးသင့်မှုကို အဆိုးဆုံးရင်ဆိုင် ခံစားရ သည့် ပြည်နယ်များဖြစ်ပြီး ပျောက်ဆုံးသူအများအပြားရှိနေသေးသည့်အတွက် သေဆုံးသူအရေအတွက် ယခုထက်ပိုများ လာနိုင်သည် ဟုယူဆရသည်။ ဒေသတစ်ဝန်းမိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရီနီမြစ်နှင့်မြစ်လက်တက်တို့တွင် မြစ်ရေများ မြင့်တက်လာမှုမှာ စိုးရိမ်ရသောအခြေအနေကို ကျော်လွန်လာပြီဖြစ်သည်။

ထိုသို့မြစ်ရေကြီးမှုကြောင့် ရေဘေးသင့်ဒေသများရှိ လမ်းများ၊ နေအိမ်များမှာ ရေအောက်ရောက်ရှိနေပြီး သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ကာ ကားများ ပက်လက်လန်နေသည်ကိုလည်း မြင်တွေ့ရသည်။

ရေဘေးသင့်ဒေသများရှိ မြို့များနှင့်ကျေးရွာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင် ရွက်ရန် စစ်သည်အယောက် ၁၀၀၀ ခန့်ကို ဖြန့်ကြက်ထားသည်။ ထို့ပြင် လာမည့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင် ကြောင်း မိုးလေဝသဌာနကခန့်မှန်းထားသည်ဟု သိရသည်။

Ref: Bangkok Post