ဥရောပဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဂုဏ်ထူးဆောင်ဆုကို ယူရို ၂ဝ၂ဝ ပြိုင်ပွဲတွင် အဲရစ်ဆင်၏ အသက်ကို ကယ်တင်ခဲ့သည့်  ဒိန်းမတ်အသင်းခေါင်းဆောင် ကာဂျာရရှိ

ဥရောပဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဂုဏ်ထူးဆောင်ဆုကို ယူရို ၂ဝ၂ဝ ပြိုင်ပွဲတွင် အဲရစ်ဆင်၏ အသက်ကို ကယ်တင်ခဲ့သည့်  ဒိန်းမတ်အသင်းခေါင်းဆောင် ကာဂျာရရှိ

ဥရောပဘောလုံး အဖွဲ့ချုပ်က   လာမည့် ဥရောပတစ်နှစ်တာ အကောင်းဆုံးဆုများ  ပေးအပ်ပွဲ အခမ်းအနားတွင် ပေးအပ်ချီးမြှင့်မည့်  အထူးဆုတစ်ခုဖြစ်သည့်  ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂုဏ်ထူးဆောင်ဆုကို ထုတ်ပြန်ခဲ့ရာ ယူရို ၂ဝ၂ဝ ပြိုင်ပွဲတွင် အဲရစ်ဆင်၏ အသက်ကို ကယ်တင်ခဲ့သည့်      ဒိန်းမတ်အသင်းခေါင်းဆောင်  ကာဂျာကရရှိခဲ့ကြောင်း သိရသည်။

ယူရို ၂ဝ၂ဝ ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၂ ရက်က  ကစားသည့်  ဒိန်းမတ်အသင်းနှင့်  ဖင်လန်အသင်းတို့ပွဲစဉ်တွင် ဒိန်းမတ်အသင်းမှ  ကွင်းလယ်ကစားသမား အဲရစ်ဆင်သည် ပွဲချိန်ပထမပိုင်းပြီးဆုံးခါနီးတွင် ကွင်းအတွင်း သတိလစ်လဲကျမှုဖြစ်ပွားခဲ့ပြီး  အဆိုပါဖြစ်ရပ်တွင် ကာဂျာက အဲရစ်ဆင်ထံသို့ သွားရောက်ကာ ဆေးအဖွဲ့ဝင်များ မလာရောက်မီ   ရှေးဦးသူနာပြုစုနည်းဖြင့် အဲရစ်ဆင် အသက်ပြန်လည် ရှူနိုင်စေရန်ပြုစုမှုများ ပြုလုပ်ပေးခဲ့သည်။ အဆိုပါဖြစ်ရပ် အပြီးတွင် ဒိန်းမတ်အသင်း  ဆေးအဖွဲ့ဝင်များက အဲရစ်ဆင်အနေဖြင့်  အသက်ရှူရန် အနည်းငယ်နောက်ကျလျှင် အသက်ဆုံးရှုံးသွားမည်ဖြစ်ပြီး   ကာဂျာ၏  အရေးပေါ် ရှေးဦးသူနာပြုစုနည်းကြောင့်သာ  အသက်ရှင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်ဟု   ထုတ်ပြန်ခဲ့သည်။   ကာဂျာအနေဖြင့်   အဲရစ်ဆင်ကို အသက်ကယ်တင်ခဲ့သည့်အပြင် ကွင်းအတွင်း ရောက်ရှိလာသည့် အဲရစ်ဆင်၏ ဇနီးဖြစ်သူကိုလည်း   အသင်းခေါင်းဆောင်ကောင်း တစ်ဦးပီပီ   သွားရောက်နှစ်သိမ့်ပေးမှုများ ပြုလုပ်ခဲ့သည်။

ကာဂျာ၏ အဲရစ်ဆင်ကို အသက်ကယ်တင်ခဲ့သည့် ဖြစ်ရပ်နှင့်   အဲရစ်ဆင်၏ ဇနီးဖြစ်သူကို    အသင်းခေါင်းဆောင်ကောင်း တစ်ဦးပီပီ နှစ်သိမ့်ပေးမှုများ ပြုလုပ်ခဲ့ခြင်းကို အဆိုပါပွဲစဉ်အပြီးတွင်  ကမ္ဘာတစ်ဝန်းမှ ပရိသတ်များက     အားပေးမှုများ ပြုလုပ်ခဲ့သည့်အပြင် အေစီမီလန်အသင်းကလည်း   ဒုတိယအသင်း ခေါင်းဆောင်အဖြစ် ခန့်အပ်တာဝန်ပေးပြီး ဂုဏ်ပြုခဲ့သည်။

ထိုကဲ့သို့  ကာဂျာ၏ လုပ်ရပ်များကြောင့် ယခုအခါ      ဥရောပဘောလုံး အဖွဲ့ချုပ်က ဥရောပတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုများ ပေးအပ်ပွဲ အခမ်းအနားတွင်   ဂုဏ်သိက္ခာမြင့်မားသည့် ဆုတစ်ခုဖြစ်သော ဥရောပဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ  ဂုဏ်ထူးဆောင်ဆုကို ပေးအပ်ရန်  ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။