ဦးအာဝင်နဲ့မဟာမာဝတီတို့လို ဖြေမဆည်နိုင်တဲ့အဖြစ်မျိုး မကြုံကြစေလို

သူ့နာမည်က အာဝင်။ အသက်အရွယ်အရခေါ်မယ်ဆိုရင်တော့ ဦးအာဝင်ပေါ့။ အမည်ရင်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူ့နာမည်ကို ဦးအာဝင်လို့ပဲ မှတ်ထားပေးပါ။

အသက်အရွယ်အားဖြင့်ဆိုရင် ၅၈ နှစ်ရှိနေပြီဖြစ်တဲ့ ဦးအာဝင်ဟာ စက်ဘီးတစ်စီးနဲ့ လမ်းတကာလည်ပြီး ကော်ဖီလှည့်ရောင်းသူပေါ့။ အခုလို ကိုဗစ်-၁၉ ရောဂါတွေဖြစ်နေချိန် ချမှတ်ထားတဲ့အသွားအလာကန့်သတ်ချက်တွေကြောင့် သူ့အနေနဲ့ မိသားစုစား ဝတ်နေရေး ကိုဖြေရှင်းနိုင်ဖို့ အသည်းအသန်ရုန်းကန်ကြိုးစားနေရရှာပါတယ်။ဒီအချက်က သူ့အတွက်တော့ ကြီးမားလှတဲ့ဒုက္ခမဟုတ်သေးပါဘူး။ အခုလိုကပ်ဘေးကြီးမှာ သူ့လိုမျိုးပဲစားဝတ်နေရေး ခက်ခဲနေတဲ့သူတွေ ဒုနဲ့ဒေးရှိနေသေးတဲ့အတွက်ပါ။

ဘယ်လိုပင်ဒုက္ခတွေရှိနေပေမယ့် အိမ်ကိုပြန်ရောက်ချိန် မိသားစု စုံစုံလင်လင်ရှိနေတာကိုမြင်ရရင်ပဲ အမောတွေပြေသွားတတ်စမြဲပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့လကတော့ သူတည်ဆောက်ထားတဲ့ မိသားစုဆိုတဲ့ပျော်စရာကမ္ဘာလေးဟာ ရုတ်တရက်ဆိုသလို ပြိုလဲသွားခဲ့ပါပြီ။

“အဲဒီတုန်းက ကျွန်တော့်သားကဖျားနေတာဗျ။ လည်ချောင်းလည်းနာနေတော့အစာလည်း ကောင်းကောင်းမစားနိုင်ဘူးလေ။ အစာဝင်တာနဲ့အန်တော့တာပဲ” ဦးအာဝင်က အသက် ၁၁ နှစ်ရှိပြီဖြစ်တဲ့သူ့ရဲ့အငယ်ဆုံးသားအကြောင်းကို ပြန်ပြောင်းပြောပြပါတယ်။

“ကျွန်တော် သူ့ကိုဆေးတွေလည်းတိုက်တယ်။ ဒါပေမဲ့ ဆေးရုံပို့ရမှာတော့ကျွန်တော်ကြောက်နေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူမစွမ်းမသန်ဖြစ်သွားကတည်းက ကျွန်တော်သူနဲ့ခွဲပြီးမနေလိုတဲ့စိတ်ကြောင့်ပါဗျာ” လို့ ဦးအာဝင်က ဆက်ပြောပါတယ်။

“ဒီလိုနဲ့ သုံးရက်လောက်ကြာတော့ သူကအသက်ရှူရတာခက်လာတဲ့အတွက်ဆေးခန်းကိုသွားပြခဲ့ပါတယ်။ ဆေးခန်းရောက်တော့ သူ့ကို အကြောဆေးသွင်းပေးပါတယ်။ ပြီးတော့ ဏဃျွ စစ်ဆေးမှုလုပ်ပါတယ်။ အဖြေကတော့ သူ့မှာ ကိုဗစ်-၁၉ ရောဂါဖြစ် နေပါပြီတဲ့။ အဖြေလည်းသိပြီးရောတစ်ညပဲခံပါတယ်ဗျာ။ နောက်တစ်နေ့ကျတော့ ဆုံးသွားတာပါပဲ။”

“ကျွန်တော်သူ့ကို ဆေးရုံတစ်ခါတည်း မပို့လိုက်မိတဲ့အတွက် နောင်တရလို့မဆုံးပါဘူး။ သူ့မှာ ကိုဗစ်-၁၉ ရောဂါဖြစ်နေမှန်းလည်း ကျွန်တော်မသိခဲ့ရိုးအမှန်ပါ။ အဲဒီအချိန်တုန်းက သူ့ကိုဆေးရုံပို့ရမလား၊ မပို့ရဘူးလားဆိုပြီး ဝေခွဲမရဖြစ်နေခဲ့တာပါ။ ကျွန်တော့် လက်ထဲမှာ ငွေလည်းမရှိဘူးလေ။ တကယ်ပါဗျာ။ ကျွန်တော်အခုအချိန်အထိ နောင်တရလို့မဆုံးပါဘူး။”

“ကျွန်တော့်သားကလေ ကိုယ်အင်္ဂါမစွမ်းမသန်ပေမယ့်လို့ သူကစစ်သားကြီးဖြစ်ချင်တာတဲ့ဗျ။ သူ့ရဲ့အိပ်မက်က စစ်သားကြီး တစ်ယောက်ဖြစ်ဖို့လေ။ အခုတော့ လူ့လောကကနေ စောစောစီးစီးထွက်သွားရပါပြီဗျာ” လို့ ဦးအာဝင်တစ်ယောက်

မျက်ရည်လည်ရွဲ ဝမ်းပန်းတနည်းနဲ့ ပြောလာပါတော့တယ်။ ဒီလိုဝမ်းနည်းဖွယ် အဖြစ်ဆိုးကြီးနဲ့တွေ့ကြုံရပြီးတဲ့နောက် ဦးအာဝင်တို့ တစ်မိသားစုလုံး ရောဂါပိုးစစ်ဆေးမှုခံယူကြပါတယ်။ အဲဒါမှာ သူ့ရဲ့အိမ်ထောင်ဖက်အမျိုးသမီးမှာ ကိုဗစ်-၁၉ ရောဂါဖြစ်နေတာကို ထပ်တွေ့လိုက်ရပြန်ပါတယ်။ဒါပေမဲ့ ဒီတစ်ခါမှာတော့ ဦးအာဝင်တစ်ယောက် ဘဝနဲ့ရင်းလိုက်ရတဲ့ သင်ခန်းစာ ကောင်းကောင်း ရလိုက်ပါပြီ။ အဲဒီအတွက်သူ့အမျိုးသမီးကို တခြားသူတွေနဲ့ သီးသန့်ခွဲပြီးနေစေခဲ့ပါတယ်။

“အခုတော့ ကျွန်တော့်အမျိုးသမီးကိုကျွန်တော် ကောင်းကောင်းပြုစုစောင့်ရှောက်နေပါပြီ။ ကျွန်တော့်အနေနဲ့ နောက်ထပ်မိသားစုဝင် တစ်ယောက်ကိုထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ပါဘူး။ ကျွန်တော် တကယ်ကို နောင်တရနေပါပြီ” လို့ပြောရင်း ဦးအာဝင်ကသူ့ရဲ့ စကားကိုအဆုံးသတ်လိုက်ပါတယ်။

ဒီအဖြစ်အပျက်လေးက အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ဘန်ဒေါင်းမြို့မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးပါ။ ရင်သွေးငယ်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ နောက်ထပ်တစ်ယောက်ကတော့ အသက် ၃၅ နှစ်သာ ရှိသေးတဲ့မဟာမာဝတီပါ။ အရှေ့ဂျာဗားပြည်နယ်မှာနေတဲ့ မဟာမာဝတီတစ်ယောက်ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ သူ့ရဲ့ရင်သွေး ငယ်ကိုဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။

ဖြစ်ပုံကဒီလိုဗျ။ မဟာမာဝတီတစ်ယောက် ကိုယ်ဝန်ရှစ်လရှိချိန်မှာ သန္ဓေသားရဲ့နှလုံးက ပုံမှန်အလုပ်မလုပ်ဘူးဆိုတာကို သားဖွား ဆရာဝန်ကတွေ့ရှိတဲ့အတွက် ဆူရာဘာယာမြို့ဆေးရုံကိုသွားပြီး ကုသမှုခံယူဖို့ တိုက်တွန်းပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်နေတာကြောင့် ဆေးရုံကိုမသွားတော့ဘဲ သူ့နေရပ်မှာပဲ ရိုးရိုးမွေးလိုက်ပါတယ်။ အဲဒီလိုမွေးပြီး ကလေး အသက် တစ်လခွဲရောက်ချိန်မှာတော့ ကလေးခန္ဓာကိုယ်က ပြာလာတဲ့အတွက်နောက်ဆုံးမှာဆေးရုံတင်ကာ နှလုံးကုသမှုခံ ယူလိုက်ရပါတယ်။

သို့သော်လည်း ကုသမှုကမအောင်မြင်တာကြောင့် နောက်တစ်ကြိမ်ခွဲစိတ်နိုင်ဖို့အတွက် နှာခေါင်းတို့ဖတ်ယူပြီးစစ်ဆေးလိုက်ချိန်မှာ ကလေးမှာ ကိုဗစ်-၁၉ ရောဂါဖြစ်နေတာတွေ့လိုက်ရပါပြီ။ နောက် ၁၄ ရက်လောက်နေတော့ ကလေးငယ်ဟာ ကွယ်လွန်သွားပါ တော့တယ်။

မွေးကင်းစကလေးမှာ ရောဂါပိုးတွေ့တယ်ဆိုတော့ အဲဒီရောဂါပိုးက မိခင်ဆီကနေကူးတယ်လို့ ထင်ကြပါလိမ့်မယ်။ အဲဒီလို ထင်ရင်တော့ မှားသွားပါလိမ့်မယ်။တကယ်တော့ မိခင်မှာရောဂါပိုးရှိမနေပါဘူး။ ဒါဆိုရင် ဘယ်သူ့ဆီက ကူးတာဖြစ်နိုင်မလဲ။

ဦးအာဝင်နဲ့ မဟာမာဝတီတို့လို အဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ရတဲ့သူတွေ ဘယ်လောက်တောင်များနေမလဲ၊ ဘာကြောင့် ဒီလောက်အထိ အဖြစ်ဆိုးကြုံရတာလဲလို့ စဉ်းစားကြည့်မိပါတယ်။ သူတို့အားလုံးအတွက် ဝမ်းနည်းဖွယ် အဖြစ်ဆိုးကို သယ်ဆောင် လာသူက တော့ကိုဗစ်-၁၉ ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးပါ။ ဒီကပ်ဘေးကြီးမှာ အသက်ပေးသွားရတဲ့သူတွေ မနည်းတော့ပါဘူး။ အဲဒီလို အသက်ပေး သွားရသူတွေထဲမှာ မိသားစုတစ်ခုရဲ့အနာဂတ်မျှော်လင့်ချက်တွေဖြစ်တဲ့ ကလေးငယ်တွေလည်းအပါအဝင်ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် ကိုဗစ်-၁၉ရောဂါစဖြစ်ကတည်းက အဲဒီရောဂါနဲ့ဆုံးပါးသွားတဲ့ကလေးငယ်စုစုပေါင်းဟာအနည်းဆုံး ၁၀၆၅ ဦးရှိပါတယ်။ ဒါတောင်မှ တရားဝင်စာရင်းဇယားထဲမှာမပါဘဲသေသွားရတဲ့ကလေးငယ်တွေရှိဦးမှာပါ။သူတို့ကိုပါထည့်ပြီး ပေါင်းမယ် ဆိုရင် ဒီထက်မကများနိုင်ပါသေးတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးတွေသေဆုံးမှုများရတာက ဒုတိယအကျော့ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကာလမှာဖြစ်ပြီး ဇူလိုင်လကစလို့ သီတင်းပတ်တစ်ပတ်ကို ကလေးငယ်အယောက် ၁၀၀ လောက်သေဆုံး နေရပါတယ်။ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ဒါဟာသိပ်ကို ကောင်းမွန်လှတဲ့အခြေအနေတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် ကမ္ဘာမှာကိုဗစ်-၁၉ ရောဂါကြောင့် ကလေးငယ်သေဆုံးမှုအများဆုံးက အင်ဒိုနီးရှားနိုင်ငံကဖြစ်နေလို့ပါပဲ။

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကလေးငယ်အရေအတွက်က အနည်းဆုံး အယောက် နှစ်သိန်းကျော်ရှိပါတယ်။ သူတို့ထဲက ၉၀၀၀၀ ကျော်ဟာဇူလိုင် ၁၄ ရက်နောက်ပိုင်းမှာ ရောဂါဖြစ်ကြတာပါ။

ဒါကြောင့် အင်ဒိုနီးရှားနိုင်ငံအတွင်းကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူစုစုပေါင်းအနက် ကလေးငယ်အရေအတွက်က ၁၂ ဒသမ ၅ ရာခိုင်နှုန်း အထိရှိတယ်လို့ အင်ဒိုနီးရှား ကလေးအထူးကုအဖွဲ့ဥက္ကဋ္ဌပါမောက္ခအာမန်ပူလန်ဂန်ကပြောပါတယ်။အခုဆိုရင် တစ်နိုင်ငံလုံးမှာ ရောဂါဖြစ်ပွားသူစုစုပေါင်း ၃ ဒသမ ၆ သန်းကျော်ရှိပြီး သေဆုံးသူစုစုပေါင်းက ၁၀၄၀၀၀ကျော်ရှိတဲ့အတွက် နောက်ထပ် ကလေးငယ်တွေ သေဆုံးလာမှာကို ကျွမ်းကျင်ပညာရှင်တွေက အလွန်ကိုပဲစိုးရိမ်နေကြပါတယ်။

ကလေးငယ်တွေအနေနဲ့ ကိုဗစ်-၁၉ရောဂါကိုကြံ့ကြံ့မခံနိုင်ဘဲ ကွယ်လွန်သွားရမှုတွေမှာ အဓိကကျတဲ့အချက်နှစ်ချက်ရှိနေပါ သေးတယ်။ အဲဒါကတော့ အာဟာရချို့တဲ့မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်းပါ။ မနှစ်ကဆိုရင် အင်ဒိုနီးရှားနိုင်ငံမှာ ကလေးငယ် တွေကို ပုံမှန်ရောဂါကာကွယ်ဆေးတွေတောင်မှ မထိုးပေးနိုင်ပါဘူး။

ဒါ့အပြင် ကလေးငယ်တွေဖြစ်တဲ့အလျောက် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးစည်းမျဉ်း စည်းကမ်းတွေ ကိုလည်း မလိုက်နာနိုင်ကြပါဘူး။ ဒါတွေက ကလေးငယ်တွေမှာကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကို ပိုမိုဆိုးဝါးစေပြီး ရောဂါဖြစ်ရင် လည်း ခံနိုင်ရည်မရှိကြဘဲ အချိန်တိုအတွင်းကွယ်လွန်သွားရတဲ့ အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။ကျွန်တော် အကြိမ်ကြိမ် သတိပေးတိုက်တွန်းခဲ့ဖူးသလိုပါပဲ။ ကိုဗစ်-၁၉ ရောဂါပိုးဟာ ကလေးမို့လို့မကူးဘူး၊ သက်ကြီးရွယ်အိုမို့လို့မကူးဘူးဆိုပြီး သတ်မှတ် ထားတာမရှိပါဘူး။

ရောဂါပိုးကူးစက်ပြီဆိုတာနဲ့ အသက်ပါပေးလိုက်ရနိုင်တယ်လို့ ကြိုပြီးတွေးထားဖို့လိုပါမယ်။ ဒါကြောင့် ရောဂါပိုးမကူးစက်စေဖို့ အတတ်နိုင်ဆုံးဆိုတာထက်အစွမ်းကုန်ကြိုးစားပြီးဆင်ဆင်ခြင်ခြင်နေဖို့ လိုပါလိမ့်မယ်။

အထူးသဖြင့်တော့ လူကြီးတွေကရောဂါပိုးကူးစက်မှုမရှိစေဖို့ ဆင်ခြင်ကြမှသာ ကလေးငယ်တွေကို ရောဂါပိုးထပ်ဆင့်ကူးမှု လျှော့ချနိုင် မှာဖြစ်ပါတယ်။နောက်တစ်ခုက ကလေးငယ်တွေကိုအပြင်ထွက်ပြီးဆော့ခိုင်းတယ်ဆိုရင်လည်းမိဘ ဒါမှမဟုတ် အုပ်ထိန်းသူရဲ့ မျက်စိအောက်မှာသာ ဆော့ခိုင်းဖို့လိုပါလိမ့်မယ်။ကလေးတွေဆော့ပြီးရင် တစ်ကိုယ်ရည်သန့်ရှင်းရေးကို စနစ်တကျ လုပ်ပေးရပါမယ်။

ကျွန်တော်အခုပြောတဲ့အခြေခံအချက်တွေကိုသာ လိုက်ပါလုပ်ဆောင်ကြည့်မယ်ဆိုရင် ကလေးငယ်တွေကို ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင် ခြေလျှော့ချနိုင်မှာအမှန်ပါပဲ။ ဒါကြောင့် ဦးအာဝင်နဲ့မဟာမာဝတီတို့လို ဖြေမဆည်နိုင်တဲ့ အဖြစ်ဆိုးမျိုးနဲ့ မကြုံကြစေဖို့ အတွက် မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတစ်ဦးချင်းက ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ကာကွယ်တားဆီးရေး စည်းမျဉ်းစည်းကမ်း တွေကိုလိုက်နာကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဒါနဲ့ မဟာမာဝတီရဲ့ အသက်တစ်လခွဲသာရှိသေးတဲ့ မွေးကင်းစကလေးမှာကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာဟာသူ့ကိုချစ်လို့ဆိုပြီး လာကြည့်ကြတဲ့ဧည့်သည်တွေကြောင့်ဖြစ်ကြောင်းပါခင်ဗျာ။

ထက်မြတ်