ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ရန် လက်လုပ်မိုင်း ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိ

နေပြည်တော်  မေ  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ မေလ ၂၂ ရက်နေ့က အဖျက်အမှောင့် လုပ်ငန်းလုပ်ဆောင်ရန်   လက်လုပ်မိုင်း ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၄ဝ မိနစ်အချိန်က ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ တောရကျောင်းလမ်း၊ အိမ် အမှတ်(၄၂၃)ရှိ ဦးဝင်းကြည် (၅၂)နှစ် (ဘ) ဦးသောင်း ပိုင်ဆိုင်သော ပရိဘောဂအလုပ်ရုံ၌  ပေါက်ကွဲမှုဖြစ်ပွားကြောင်း  သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါအလုပ်ရုံတွင် ဦးဝင်း ကြည်၏ ဇနီးဖြစ်သူ ဒေါ်သီတာထွေး(၅၂) နှစ် (ဘ)ဦးကျော်ထူးနှင့် ၎င်းရပ်ကွက်နေ မျိုးမြင့်ခိုင်(၂၁)နှစ် (ဘ)ဦးတင်လှိုင်အား တွေ့ရှိထိန်းသိမ်းပြီး အလုပ်ရုံအပေါ်ထပ်တွင် လက်လုပ်ရီမုမိုင်း ပေါက်ကွဲထားသည့် အပိုင်းအစများနှင့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ မျိုးမြင့်ခိုင်နှင့် ဦးဝင်းကြည်၏ သားဖြစ်သူ ကောင်းထက်(၁၈)နှစ်၊ တစ်ရပ်ကွက်တည်းနေ လင်းထက်(၂၈)နှစ် (ဘ) ဦးမြင့်အောင်နှင့် အရှေ့ကိုးသိန်းရပ်ကွက်နေ ဇော်ဇော်(၂၇)နှစ် (ဘ)ဦးမြင့်သိန်းတို့  ၄ ဦးသည် လက်လုပ်ရီမုမိုင်းအား အသက်သွင်းနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ကောင်းထက်ပါ ၃ ဦးသည် ထွက်ပြေးသွားကြောင်း သိရှိရသဖြင့် လိုက်လံဖမ်းဆီးရာ ၎င်းရပ်ကွက်ရှိ  စက်တော်ရာဘုရားဝင်းအတွင်း၌  ဇော်ဇော်အား  ယာလက်  ၅ ချောင်းထိပ် အဆစ်များပြတ်ကာ   ပွန်းပဲ့ ဒဏ်ရာများဖြင့် လည်းကောင်း၊ လင်းထက် အား ပွန်းပဲ့ဒဏ်ရာများဖြင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး    ဆေးဝါး ကုသနိုင်ရေး အတွက် တပ်မတော်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ထွက်ပြေးတိမ်းရှောင်နေသူ ကောင်းထက်အား ဖမ်းဆီးရမိရေး နှင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။