(၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး ဆိုင်ရာ အစည်းအဝေး (15th AMMTC)သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် ဆွေးနွေး

(၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး ဆိုင်ရာ အစည်းအဝေး (15th AMMTC)သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် ဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ ၂၉

  အာဆီယံ၏ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း(APSC) မဏ္ဍိုင်မှ (၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး ဆိုင်ရာ အစည်းအဝေး(15th AMMTC)နှင့် ဆက်စပ် အစည်းအဝေးများကို ဘရူနိုင်းဒါရုဆလမ် နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ Video Conferencing ဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ဝန်ကြီးအဆင့်များ ဦးဆောင်၍ အဆင့်မြင့်အရာရှိကြီး အဆင့်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့တို့ တက်ရောက်ခဲ့ပါသည်။ မြန်မာ နိုင်ငံမှ AMMTC ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများက နေပြည်တော်၊ ရုံးအမှတ်(၈)၊ အစည်းအဝေးခန်းမမှ ပါဝင်ရောက်ခဲ့ပါသည်။

15th AMMTC စုံညီအစည်းအဝေးကို ဘရူနိုင်းဒေသ စံတော်ချိန် နံနက် ၉ နာရီတွင် စတင် ကျင်းပရာ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Dato Paduka Haji Awang Halbi bin Haji Mohd Yussof က သဘာပတိအဖြစ် ဆောင်ရွက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi က အာဆီယံဒေသတွင်း လတ်တလောဖြစ်ပေါ် တိုးတက်မှုများနှင့် အာဆီယံ မူဘောင်များနှင့် ကိုက်ညှိ၍ AMMTC လုပ်ငန်းစဉ် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်၍ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ ဝန်ကြီးများက နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ဖြစ်ပေါ်လာသော ဒေသတွင်း မှုခင်းပြဿနာများနှင့် တားဆီးနှိမ်နင်းရေး ကြိုးပမ်း ဆောင်ရွက်မှုများကို အမြင်ချင်းဖလှယ် ဆွေးနွေးပါသည်။

မြန်မာနိုင်ငံ AMMTC ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က နိုင်ငံဖြတ်ကျော် မှုခင်းများ နယ်ပယ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးကဏ္ဍ၌ အကြမ်းဖက်မှု ကျူးလွန်နိုင်သည့် အခွင့်အရေးမရှိစေရေး၊ အကြမ်းဖက်ဝါဒ အမြစ်ပြတ်အောင် ရှင်းလင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှုများ၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုများနှင့် လူကုန်ကူးမှုခင်းများသည် ချိတ်ဆက်မှုများ ရှိနေသဖြင့် တားဆီး နှိမ်နင်းရေးတွင် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသတွင်း နယ်စပ်စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက် ဖလှယ်မှုများ ထိရောက်မှုရှိအောင် တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးတွင် နည်းပညာ တိုးတက်လာမှုကြောင့် သတင်းမှားများသည် သတင်းမှန်များထက် သိသိသာသာ လျှင်မြန်စွာ ကျယ်ပြန့်နေသဖြင့် အစွန်းရောက် အတွေးအခေါ်များ တိုးတက်ဖြစ်ပေါ် နေကြောင်း၊ ဆိုက်ဘာနယ်ပယ် Digital Platform တွင် အကြမ်းဖက်မှုကို လှုံ့ဆော်ရန် ပိုမိုလွယ်ကူ လာသဖြင့် အာဆီယံဒေသတွင်း ဆိုက်ဘာနယ်ပယ် လုံခြုံရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ရပ် ချမှတ်အကောင်အထည် ဖော်ရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒေသတွင်း နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး နယ်ပယ်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ Share Responsibility ကို အခြေခံ၍ ဆောင်ရွက်ရေး၊ မှုခင်းဆိုင်ရာ သတင်းအချက်အလက် ဖလှယ်မှု ပိုမိုမြှင့်တင်နိုင်ရေးတို့နှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံအသိုက်အဝန်း ထူထောင်မှု လုပ်ငန်းစဉ်အောင်မြင်ရေးတွင် ထမ်းဆောင်ရမည့်တာဝန်၊ ကျေပွန်ရမည့် ဝတ္တရားများကို အထူး အလေးထားမျှဝေ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးတို့ အတွက် အဖွဲ့ဝင်နိုင်ငံ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် အမြဲအသင့်ရှိ နေပါကြောင်း ပြောကြားခဲ့ပါသည်။

15th AMMTC စုံညီအစည်းအဝေးတွင် နယ်စပ်ဒေသစီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတရားစာတမ်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေး ဆိုင်ရာ အာဆီယံကြေညာချက်နှင့် (၁၅)ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်တို့အား အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ စက်တင်ဘာ ၃၀ ရက်နေ့တွင် AMMTC ၏ ဆက်စပ် အစည်းအဝေးများ ဖြစ်သည့် ဆွေးနွေးဘက် တရုတ်၊ ဂျပန်၊ ကိုရီးယား ၃ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး၊ တစ်နိုင်ငံချင်းစီနှင့် သီးခြားပြုလုပ်မည့် အစည်းအဝေးများနှင့် စပ်လျဉ်း၍ အတည်ပြုခဲ့ကြပြီး AMMTC စုံညီအစည်းအဝေး ပထမနေ့ကို မွန်းလွဲ ၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။