၂ဝ၂ဝ ပြည့်နှစ်အတွက်မှ စတင်၍ အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ငွေများ တိုးမြှင့် ချီးမြှင့်သွားမည်

နေပြည်တော်  ဇွန်  ၁၆

နိုင်ငံတော်က မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စာပေပညာရှင်ကြီးများအား အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆု (ဘာသာရပ် ၁၈ မျိုး)နှင့်စာပေဗိမာန်စာမူဆု (ဘာသာရပ် ၁၄ မျိုး)တို့ကို နှစ်စဉ်ချီးမြှင့်လျက်ရှိသည်။

ယခုအခါ နိုင်ငံတော်အစိုးရ အနေဖြင့် မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးချီးမြှင့်ရာ ရောက်စေရန်၊ စာပေပညာရှင်များအား ဂုဏ်ပြုရာ ရောက်စေရန်၊ စာကောင်းပေမွန်များ ထွန်းကား ပြန့်ပွားစေရန် စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ရန်၂ဝ၂ဝ ပြည့်နှစ်အတွက်မှ စတင်၍ အမျိုးသားစာပေ တစ်သက်တာဆုကို ငွေကျပ်သိန်း ၁ဝဝ၊ အမျိုးသားစာပေဆုကို ငွေကျပ် သိန်း ၃ဝ၊ စာပေဗိမာန်စာမူဆု ပထမဆုကို ငွေကျပ် ၁၅ သိန်း၊ဒုတိယဆုကို ငွေကျပ် ၁ဝ သိန်း၊ တတိယဆုကို ငွေကျပ်၇ သိန်း တိုးမြှင့်ပြင်ဆင် ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။