၂၀၂၀-၂၀၂၁ ယူရိုပါလိဂ်ပြိုင်ပွဲ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမားသုံးဦးစာရင်းထုတ်ပြန် မန်ယူအသင်းမှ ဘရူနိုဖာနန်ဒက်ရရှိရန် ရေပန်းစားနေ

နီယွန်၊ ဘောလုံး

ဥရောပဘောလုံးအဖွဲ့ချုပ်  (ယူအီးအက်ဖ်အေ)က ၂၀၂၀-၂၀၂၁ ယူရိုပါလိဂ်ပြိုင်ပွဲ အကောင်းဆုံးကစားသမားဆုအတွက်  ဆန်ခါတင် ကစားသမားသုံးဦးစာရင်းထုတ်ပြန်ခဲ့ရာ မန်ယူအသင်း ကွင်းလယ်ကစားသမား   ဘရူနိုဖာနန်ဒက်က  ထိပ်ဆုံးမှ ရေပန်းစားနေ ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မန်ယူအသင်းနှင့် ဗီလာရီးယဲလ်အသင်းတို့ယှဉ်ပြိုင် ကစားရာ   ဗီလာရီးယဲလ် အသင်းက   ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည်။  အဆိုပါပွဲစဉ်သည်  ယူရိုပါလိဂ်ပြိုင်ပွဲ သမိုင်း တစ်လျှောက် အကောင်းဆုံးဗိုလ်လုပွဲဖြစ်ပြီး ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းခဲ့ရာတွင်လည်း ကစားသမား ၁၀ ဦးစလုံး အမှား အယွင်းမရှိ ဂိုးသွင်းယူနိုင်ကြကာ နောက်ဆုံး ဂိုးသမားအချင်းချင်း ကန်သွင်းရာတွင် မန်ယူအသင်းဂိုးသမား ဒီဂီယာ ဂိုးမဝင်ခဲ့ သည့်အတွက်   ဗီလာရီးယဲလ်အသင်းက ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သည်။

ဆန်ခါတင်ကစားသမားသုံးဦးစာရင်းထုတ်ပြန်ခဲ့ရာတွင်လည်း မန်ယူအသင်းက နှစ်ဦးအထိပါဝင်လာပြီး ဘရူနိုဖာနန်ဒက်နှင့်အတူ ဝါရင့်တိုက်စစ်မှူး ကာဗာနီနှင့်    ဗီလာရီးယဲလ်အသင်းတိုက်စစ်မှူး ဂျရက်မိုရီနိုတို့ပါဝင်ခဲ့ကြသည်။

၂၀၂၀-၂၀၂၁  ယူရိုပါလိဂ်ပြိုင်ပွဲတစ်လျှောက် ဗီလာရီးယဲလ်အသင်းတိုက်စစ်မှူး ဂျရက်မိုရီနိုသည် အသင်းချန်ပီယံဆုရရှိခဲ့ရာတွင် အဓိက ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး ဗိုလ်လုပွဲတွင်လည်း အသင်းအတွက်အရေးပါသည့် သွင်းဂိုးတစ်ဂိုး သွင်းယူ နိုင်ခဲ့သည်။   ဂျရက်မိုရီနိုသည်   ပြိုင်ပွဲ တစ်လျှောက် စုစုပေါင်း ၁၂ ပွဲပါဝင်ကစားခွင့်ရရှိခဲ့ ပြီး ခုနစ်ဂိုးအထိသွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု လေးကြိမ် အထိပြုလုပ်နိုင်ခဲ့သည့်အတွက် ဆန်ခါတင်ကစားသမားစာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။

မန်ယူအသင်း   ဝါရင့်တိုက်စစ်မှူး  ကာဗာနီသည်လည်း  အသင်းနှင့်အတူ  ယူရိုပါလိဂ်ပြိုင်ပွဲတစ်လျှောက်   ငါးပွဲသာပါဝင် ကစားခဲ့ရ သော်လည်း အသင်းနှင့်အတူ  အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ခြောက်ဂိုးအထိသွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု သုံးကြိမ် အထိပြုလုပ် နိုင်ခဲ့သဖြင့် ပွဲအနည်းဆုံးဖြင့် သွင်းဂိုးအများဆုံးနှင့် ဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်ခဲ့ပြီး ဆန်ခါတင်စာရင်းတွင် ပါဝင်လာ ခြင်းဖြစ်သည်။

ဘရူနိုဖာနန်ဒက်သည် မန်ယူအသင်း ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ရာတွင် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ပြီး အသင်းနှင့် ပြိုင်ပွဲ တစ်လျှောက် စုစုပေါင်း ကိုးပွဲပါဝင်ကစားခွင့်ရရှိခဲ့ရာတွင် ငါးဂိုးအထိ သွင်းယူနိုင်ကာ ဂိုးဖန်တီးမှု လေးကြိမ်အထိပြုလုပ် နိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့မှုများကြောင့် အကောင်းဆုံးကစားသမားဆုအတွက်   ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိကြောင်း သိရသည်။

Ref;UEFA.Com