၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများ ဆက်လက် ဆောင်ရွက်

နေပြည်တော် - မေ - ၂၆

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို မြန်မာနိုင်ငံ တစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌ မေ ၂၄ ရက်နံနက်ပိုင်းမှ စတင်၍နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ လက်ခံ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ အလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ/ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချော့မွေ့စွာ အပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြသည်။ ကျောင်းနှင့် ကျောင်းသား/ကျောင်းသူများ လုံခြုံရေးအတွက်ကိုလည်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိသည်။

အဆိုပါကျောင်းများ လာရောက်အပ်နှံစဉ် ကျောင်းသား/ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများ၊ ကျောင်းသုံးစာအုပ်များနှင့် COVID-19 ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အပြင် COVID-19 ရောဂါ ကာကွယ်ကုသမှု ကာလအတွင်း Qurantine ဆောင်များ အဖြစ်အသုံးပြုခဲ့သော စာသင်ဆောင်များကိုလည်း နယ်မြေခံ ဆေးတပ်ရင်းမှ တပ်မတော်သားများက လိုအပ်သည့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။