၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို

နေပြည်တော်၊ ဧပြီ - ၄

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ Mask များ တပ်ဆင်လာစေခြင်း၊ အပူချိန်တိုင်းတာခြင်း၊ စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်း များကို ဆရာ၊ ဆရာမများက စနစ်တကျ စစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆို၍ ဧပြီ ၄ ရက်(ယနေ့)တွင် ဓာတုဗေဒ ဘာသာရပ်ဖြေဆိုခြင်းဖြစ်ပြီး ဧပြီ ၅ ရက် အင်္ဂါနေ့တွင် ရူပဗေဒ၊ ဧပြီ ၆ ရက် ဗုဒ္ဓဘူးနေ့တွင် ဇီဝဗေဒ/ ဘောဂဗေဒ၊ ဧပြီ ၇ ရက် ကြာသပတေးနေ့တွင် ပထဝီဝင်၊ ဧပြီ ၈ ရက် သောကြာနေ့တွင် သမိုင်း၊ ဧပြီ ၉ ရက် စနေနေ့တွင် စိတ်ကြိုက်မြန်မာစာ စသည်ဖြင့် အသီးသီး ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ စတုတ္ထနေ့အဖြစ် ဓာတုဗေဒ ဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၇၇၄၆ ဦး ရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၂၂ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။