၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

နေပြည်တော်၊ ဧပြီ - ၆

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်မှစတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်း ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ Mask များ တပ်ဆင်လာစေခြင်း၊ အပူချိန်တိုင်းတာခြင်း၊ စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများကို ဆရာ၊ ဆရာမများက စနစ်တကျ စစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
ယနေ့တွင် စာမေးပွဲ ဆဌမနေအဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များကို ဆက်လက်ဖြေဆိုကြရာ ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၆၉၅၈၅ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၉၁ ဒသမ ၆၆ ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၉၃၉၃ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၈၉ ဒသမ ၃၂ ရာခိုင်နှုန်းရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေ မှုများကို နေပြည်တော်ကောင်စီဉက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာန ချုပ်အသီးသီးတို့မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်စားသောက်ဖွယ်ရာများ ပေး အပ်ကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ဧပြီ ၇ ရက် ကြာသပေးနေ့တွင် ပထဝီဝင်၊ ဧပြီ ၈ ရက် သောကြာနေ့တွင် သမိုင်း၊ ဧပြီ ၉ ရက် စနေနေ့တွင် စိတ်ကြိုက်မြန်မာစာ စသည်ဖြင့် အသီးသီး ဆက်လက်ဖြေဆိုကြရ မည်ဖြစ်ကြောင်း သတင်းရရှိသည်။