၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

 နေပြည်တော်၊ စက်တင်ဘာ - ၂၇

 ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (ဗဟိုဌာန-၂)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ တွင်ဆုရရှိကြသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အခမ်း အနားကို နှစ်စဉ် စက်တင်ဘာ ၂၇ ရက်၌ ကမ္ဘာတစ်ဝန်းမှ ကမ္ဘာ့ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံများတွင် ပြုလုပ်လျက်ရှိပြီး ခရီးသွားလုပ်ငန်း၏ အရေးပါမှုနှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ပြီး ရရှိနိုင်သည့် လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများကို ပိုမိုသိရှိနားလည် နိုင်စေရန် ဖြစ်ပါကြောင်း။
ထိုသို့ကျင်းပပြုလုပ်ရာတွင် ခရီးသွားလုပ်ငန်း၏ ဖြစ်ပေါ်ပြောင်းလဲမှုများကို ထင်ဟပ်စေရန် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေနှင့် ကိုက်ညီသည့် ဆောင်ပုဒ်များကို နှစ်အလိုက်သတ်မှတ်ပြီး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၏ ဦးတည်ဆောင်ပုဒ်အဖြစ် “ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ပေး ” “ Tourism and Green Investments ”ကို သတ်မှတ်ထားပါကြောင်း။
၂၀၂၀ ပြည့်နှစ်မှစတင်ပြီး ကမ္ဘာတစ်ဝန်းပျံ့နှံ့ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုများသည် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အတွက် ထိခိုက်ဆုံးရှုံးမှု များစွာဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ စာရင်းဇယားများအရ ခရီးသွားကဏ္ဍမှ အလုပ်အကိုင်ဖန်တီးမှုသည် ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၅ ဘီလီယံမှ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံထိ ကျဆင်းသွားခဲ့သည်ဟု သိရှိရပါကြောင်း။
ခရီးသွားလုပ်ငန်းကဏ္ဍသည် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှုတွင် ဦးဆောင်နေရာမှ ရပ်တည်နေသည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာပေါ်တွင်ရှိသည့် လုပ်သားဦးရေ ၁၀ ဦးလျှင် ၁ ဦးက ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်နေသူများဖြစ်ပြီး အမျိုးသမီးနှင့်လူငယ်များအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မှု အခွင့်အလမ်းလည်းများစွာမြင့်မားပါကြောင်း၊ သို့သော် အချို့သောအလားအလာရှိသည့် ခရီးစဉ်ဒေသများတွင် ခရီးသွားလုပ်ငန်းနှင့် ပတ်သက် သည့် အတတ်ပညာများ သင်ကြားနိုင်မှုအခွင့်အလမ်း နည်းပါးခြင်းကြောင့် လူငယ် ၅၀ ရာခိုင်နှုန်းခန့်သည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ရန်အတွက် အဟန့်အတားဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းများအရ လာမည့် ၂၀၃၀ ပြည့်နှစ်အထိ ၁ နှစ်လျှင် အလုပ်အကိုင်ပေါင်း ၈ သိန်းကျော်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ် နေသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ခရီးသွားလုပ်ငန်းရေရှည် တိုးတက်ရန် ပြည်သူများအတွက် ရင်းနှီးမြှုပ်နှံကြရန် အရေးကြီးသည့် ကဏ္ဍတစ်ရပ်အနေဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်ကို သက်ဆိုင်သူများက အလေးထားကြရန်လိုပါကြောင်း။
ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်စေသည့် ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရန် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦများကို တည်ဆောက်ရာ၌ သဘာဝ သယံဇာတများကို အကျိုးရှိစွာအသုံးပြုပြီး စွမ်းအင်ချွေတာရေး နည်းလမ်းများနှင့် ဆောင်ရွက်သည့် အစိမ်းရောင်အဆောက်အဦများ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံကြရန် လိုအပ်ပါကြောင်း။
ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက် အထောက်အကူပြုခြင်း၊နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးနိုင်ခြင်း၊ လူထုလူတန်းစား အသီးသီးထံသို့ ဝင်ငွေများတိုက်ရိုက်နှင့် သွယ်ဝိုက်သောနည်းလမ်းများနှင့် စီးဝင်စေခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိစေ နိုင်သည့် မီးခိုးမထွက်သည့်စက်ရုံ (Smokeless Industry) တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း ခရီးသွားလုပ်ငန်းကို စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများတွင် အရေးပါသည့် လုပ်ငန်းအဖြစ် အလေးထားဆောင်ရွက်သကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများလည်း ပြည်တွင်း၊ ပြည်ပခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်နေကြ သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိခြင်းသည် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေသောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင်သဘာဝတရားကြီးကပေးထားသည့် အကြီးမားဆုံး လက်ဆောင် ဖြစ်သည့်မြေပေါ်၊ မြေအောက်သဘာဝသယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အလားတူအဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် များစွာရှိပါကြောင်း၊ အဆိုပါသဘာဝအရင်းအမြစ် ယဉ်ကျေးမှုအမွေအနှစ်များကို အခြေခံပြီး ခရီးစဉ်ဒေသနှင့်ခရီးသွားဆွဲဆောင်မှုများအဖြစ် ဖော်ထုတ်ပြီး ဖိတ်ခေါ်ပြသ သည့် ခရီးသွားလုပ်ငန်းကို ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ယနေ့အချိန်အခါ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတွေလျော့နည်းလာပြီး ကမ္ဘာ့ နိုင်ငံအသီးသီးက ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများပြန်လည် ဆောင်ရွက်လာ ကြပြီဖြစ်ပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ စာရင်းများအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ပထမသုံးလပတ်ကာလ၌ ကမ္ဘာလှည့်ခရီးသည် ၂၃၅ သန်း ဝင်ရောက်ခဲ့ပြီး ယခင်နှစ်အလားတူ ကာလထက် ၂ ဆ၊ ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်မီ ကာလ၏ ၈၀ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ပြီး တိုးတက်မှုရှိသည်ကိုသိရပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်မှစတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်စတင်ပြေးဆွဲခွင့်ပြုခဲ့ပြီး ကမ္ဘာလှည့် e-visa ကို မေလ ၂၀ ရက်က စတင်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ပြည်ပနိုင်ငံအသီးသီးမှ လေဆိပ်၊ ရေဆိပ်နဲ့ နယ်စပ်စသည့် နိုင်ငံတကာဝင်ပေါက်အသီးသီးမှ နိုင်ငံတကာ ခရီးသွား စုစုပေါင်း ၂ သိန်းကျော် ဝင်ရောက်ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်ကထက် ၄၃ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ ဖွင့်လှစ်ပေးနိုင်ခဲ့ သည့်အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ နိုင်ငံတကာခရီးသွားဧည့်သည် ခြောက်သိန်းကျော် ဝင်ရောက်ခဲ့ပါကြောင်း၊ အလားတူကာလနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ယခင်နှစ်က တစ်သိန်းကျော်သာဝင်ရောက်ခဲ့သည့်အတွက် ၆ ဆခန့် တိုးတက် လာခဲ့သည်ကို တွေ့ရှိရပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည့်နေရာတွင် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုစေမည့် ခရီးသွားလုပ်ငန်းကိုလည်း အလေးထားဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ပြည်တွင်း၊ ပြည်ပ ခရီးသွားများ တိုးတက်လာစေရန် မဟာဗျူဟာ လုပ်ငန်းစီမံချက်များ ရေးဆွဲ ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် မြန်မာနိုင်ငံကို ခရီးသည်ရောက်ရှိမှု ပိုမိုတိုးတက်များပြား လာမည်ဖြစ်သည့်အပြင် မကြာတော့သည့် ကာလတစ်ခု၌ ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ မတိုင်မီကာလအခြေအနေကို ပြန်လည်ရောက်ရှိနိုင်မည်ဟုယုံကြည်ပါကြောင်း။
“ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီး မြှုပ်နှံမှုများမြှင့်တင်ပေး ” ဆို သည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ၏ အနာဂတ်ခရီးသွား လုပ်ငန်းစနစ်တကျနှင့် ရေရှည်တည်တံ့စေရန် အတွက်အားလုံးလက်တွဲ ညီညီဆောင်ရွက်ကြပါဟု ခရီးသွားလုပ်ငန်း ဆောင်ရွက်သူ များ အားလုံးကို တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်၏ သတင်းစကားရုပ်သံဗီဒီယိုကို ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ပထမဆုရရှိ သည့် ဦးအောင်မြတ်မင်း၊ ဒုတိယဆုရရှိသည့် ဦးမြင့်သန်း(ကျောက်ဆည်)နှင့် တတိယ ဆုရရှိသည့် ဦးကျော်ဇာမင်းတို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူးက ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ဆောင်းပါးနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများကို လည်းကောင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုဆုများပေးအပ်ချီး မြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆုရရှိသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရီးစဉ်ဒေသအလိုက် ပြခန်းများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်းများမှ ပြသထားသည့်ပြခန်းများနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနမှပြခန်းများကို စိတ်ပါဝင်စားစွာဖြင့်လှည့်လည်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိသည်။