၂၀၂၃ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်ကုသိုလ်တော်အဖြစ် ဆရာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ 

၂၀၂၃ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်ကုသိုလ်တော်အဖြစ် ဆရာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို

နေပြည်တော် မေ ၃

၂၀၂၃ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ် ကုသိုလ်တော်အဖြစ် ဆရာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး  ပရိဝုဏ်တော် အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဆရာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော်  အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မြင်းခြံမြို့၊ ကိုးဆောင်တိုက်၊ သီရိမာလာကျောင်း ကိုးဆောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ၊ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ တို့ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီ ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

အခမ်းအနား မစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သာသနာ့မဟာဗိမာန်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ ကပ်လှူ ပူဇော်သည်။

ထို့နောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော် ဆောင်၊ သန်လျင်မြို့ မင်းကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့ မင်းကျောင်း ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီးတို့ကနိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ဒုတိယ ဥက္ကဋ္ဌ မြင်းခြံမြို့ သီရိမာလာကျောင်း ကိုးဆောင်ကျောင်းတိုက်ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများက ဆရာတော်သံဃာတော်များထံ  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ မြင်းခြံဆရာတော် ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှ ပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ဆရာတော် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသတင်းရရှိသည်။