၂၈-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၃ စင်း၏ ချစ်ကြည်ရေး ခရီးစဉ်အတွင်း စစ်သင်္ဘောများအား လေ့လာခြင်းများအပါအဝင် တပ်မတော် နှစ်ရပ်အကြားနှင့် နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံ ဆောင်ရွက်နေမှု အခြေအနေများ၊ ၂၈-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

နေပြည်တော် နိုဝင်ဘာ ၂၈

          ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ နယ်စပ်ဒေသများမှာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာနိုင်ငံများနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ဒီနေ့မှာတော့ မြန်မာနိုင်ငံအတွင်းမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသား ၅၁၁ ဦး၊ အမျိုးသမီး ၂၀၃ ဦး၊ စုစုပေါင်း ၇၁၄ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများကိုပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ စုစုပေါင်း ၉၉၀၈ ဦး ရှိပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ချစ်ကြည်ရေး အလည်အပတ်ခရီးနဲ့ ပင်လယ်ပြင်လေ့ကျင့်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (တပ်မတော်ရေ)မှ စစ်ရေယာဉ် သုံးစင်းအနေနဲ့ ဒီနေ့မှာတော့ စစ်ရေယာဉ်ပေါ်မှာပါလာတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(တပ်မတော်ရေ)မှ အရာရှိ၊ စစ်သည်များက ရန်ကုန်မြို့ထဲမှာ လေ့လာခြင်း၊ ပင်လယ်ပြင်လက်တွေ့ လုပ်ငန်းအတွက် ဆွေးနွေးမှုများပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ တပ်မတော်ရေမှ အရာရှိ၊ စစ်သည်များအနေနဲ့ တရုတ်ရေတပ်မတော်မှစစ်သင်္ဘောများအပေါ်မှာ တက်ရောက်လေ့လာခြင်းစတဲ့လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် သန်လျင်မှာရှိတဲ့ စာသင်ကျောင်းတစ်ခုကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (တပ်မတော်ရေ)က တာဝန်ရှိသူများသွားရောက်ပြီး ကျောင်းသုံး စာအုပ်တွေ၊ ကျောင်းသုံးပစ္စည်းများ လှူဒါန်းခဲ့တာတွေ့ရပါတယ်။ မြန်မာနိုင်ငံ အစိုးရနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအနေနဲ့ အစိုးရခြင်း ရင်းနှီးစွာ၊ နီးကပ်စွာ ဆက်ဆံလျက်ရှိပြီး တပ်မတော်နှစ်ရပ်အနေနဲ့လည်း ရင်းနှီးစွာ၊ နီးကပ်စွာ ဆက်ဆံ ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။

          ဒီလိုအခြေအနေမျိုးမှာ ဒီနေ့မှာတော့ NUG အကြမ်းဖက်အဖွဲ့က သမ္မတအမည်ခံပုဂ္ဂိုလ်က တရုတ်နဲ့ မြန်မာချစ်ကြည်ရေးမှာ အနှောက်အယှက်ဖြစ်စေနိုင်တဲ့ တရုတ်နဲ့ မြန်မာ ချစ်ကြည်ရေးကိုထိခိုက်အောင် ဆောင်ရွက်လာတဲ့ စကားမျိုးတွေပြောလာတာကို တွေ့ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ နှစ်နိုင်ငံလုံးရဲ့ နှစ်နိုင်ငံပြည်သူ လူထုနှစ်ရပ်လုံးက သတိရှိစွာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့သည် နီးကပ်စွာ၊ ရင်းနှီးစွာ ဆက်ဆံနေတဲ့ အိမ်နီးနားချင်းနိုင်ငံများ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ်ကို သမိုင်းအစဉ်အဆက် လေးစားလိုက်နာပြီး မဟာဗျူဟာ မိတ်ဖက်နိုင်ငံများ ဆွေးမျိုးပေါက်ဖော်နိုင်ငံများဖြစ်ကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများကို ကျူးလွန်နေတဲ့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေနဲ့ ပြည်သူကို ဓားစာခံလုပ်ပြီး ဆောင်ရွက်နေတဲ့ ကိစ္စများကိုလည်း တွေ့ရပါတယ်။ TNLA အဖွဲ့အနေနဲ့ ကျောက်မဲမြို့မှာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ နေရာတွေမှာ ဝင်ရောက် နေရာယူတယ်။ ပြည်သူကို အကာအကွယ်လုပ်ပြီးတော့ တပ်မတော်ကို တိုက်ခိုက်တာမျိုးတွေ ရှိပါတယ်။ ကျွန်တော်တို့ ပြောခဲ့သလိုပါဘဲ။ သူတို့ဆီက သေဆုံးဒဏ်ရာရသူများရှိရင် ပြည်သူတွေဘဲ သေသလိုလို၊ ပြည်သူတွေကိုဘဲ တပ်မတော်အနေနဲ့ အန္တရာယ်ပေးသလို ဆောင်ရွက်နေတာမျိုးတွေ၊ ဝါဒဖြန့် နေတာမျိုးတွေ ဒီနေ့မှာတွေ့ရပါတယ်။အကြမ်းဖက် PDF အဖွဲ့များအနေနဲ့ ရေစကြိုမြို့နယ်၊ အောင်းပန်းချောင်းကျေးရွာက အထက်တန်းပြဆရာမ တစ်ဦးကို ရက်ရက်စက်စက်လည်လှီးပြီး သတ်တဲ့ ဖြစ်စဉ်မျိုးတွေလည်း ဖြစ်ပွားခဲ့ကြောင်း တွေ့ရပါတယ်။ ဒီလိုလူမဆန်တဲ့ လုပ်ရပ်မျိုးတွေဟာ ပြည်သူလူထု အားလုံးက ဝိုင်းဝန်းဆန့်ကျင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ 

          ဒီနေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများအနေနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာတော့ ကုန်းကြမ်းဒေသမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ဆက်လက်ပြီးလည်း ဖြစ်ပွားနေဆဲဘဲ ဖြစ်ပါတယ်။ လောက်ကိုင်မြို့ထဲကို MNDAA အကြမ်းဖက်အဖွဲ့အနေနဲ့ ရှော့တိုက်ဒုံးသုံးလုံးနဲ့ ပစ်ခတ်ခဲ့တာရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ပေါက်တောမှာ လူနေရပ်ကွက်များကို အကာအကွယ်ယူပြီး AA အဖွဲ့အနေနဲ့ လုံခြုံရေး တပ်စခန်းတွေ၊ လုံခြုံရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်ကို လာရောက်ပစ်ခတ်ခဲ့တာရှိပါတယ်။ ပြန်လည် ခုခံချေမှုန်းခဲ့တာရှိပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေမှာတော့ ရေစွာစခန်းကို လာရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။ ဆက်လက်ခုခံ တိုက်ခိုက်နေဆဲဘဲ ဖြစ်ပါတယ်။ ဒီနေ့ပြောချင်တာကတော့ အကြမ်းဖက်အဖွဲ့များအနေနဲ့ အခုလို အခြေအနေမျိုးမှာ ကောလဟလသတင်းများဖြန့်ချိခြင်း၊ သူတို့ အနိုင်ရနေသယောင် ဖြန့်ချိခြင်းများ ဆောင်ရွက်ပြီးလုပ်ဆောင်နေတာရှိပါတယ်။

          တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နိုင်ငံတော်ရဲ့ နယ်မြေများကို လုံခြုံမှုရှိအောင်ထိန်းသိမ်းတဲ့နေရာမှာ အကြမ်းဖက်အဖွဲ့များအနေနဲ့ ပြည်သူလူထုကို ဓားစာခံလုပ်ပြီး မြို့တွေ၊ ရွာတွေမှာရှိတဲ့ အဆောက်အအုံတွေ၊ ပြည်သူလူထုရဲ့အဆောက်အအုံတွေကို ဓားစာခံလုပ်ပြီး၊ အကာအကွယ်ယူပြီး တိုက်ခိုက်နေတာမျိုးလည်းရှိပါတယ်။ ဒါတွေဟာ ပြည်သူ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ပြည်သူလူထုရဲ့နေရာတွေ၊ နိုင်ငံပိုင်၊ ပြည်သူပိုင် အဆောက်အအုံတွေကို တိုက်ရိုက် ထိခိုက် စော်ကား နှောက်ယှက် ဖျက်ဆီးခြင်းဘဲ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးက သဘောပေါက်ပြီး တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးတွေ့မြင်နိုင်ပြီး အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းဆန့်ကျင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။