(၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေး နှီးနှောဖလှယ်ပွဲ (4th IMSS 2021) အခမ်းအနားကျင်းပ

(၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေး နှီးနှောဖလှယ်ပွဲ (4th IMSS 2021) အခမ်းအနားကျင်းပ

    အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေး နှီးနှောဖလှယ်ပွဲ  4th International Maritime Security Symposium (2021) အခမ်းအနားကို “လုံခြုံမှု၊ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုအတွက် အပြည်ပြည်ဆိုင်ရာရေကြောင်းလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် ဩဂုတ်လ ၂၃ ရက်တွင် Hybrid Symposium (Online and Offline) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော တပ်မတော်(ရေ)မှ ကိုယ်စားလှယ် အရာရှိကြီးများ၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး(ကြည်း၊ ရေ၊ လေ)တို့ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာ၊ ဩစတြေးလျ ၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ စပိန်၊ တူရကီ၊ အမေရိကန်၊ ဗြိတိန်၊ ဗီယက်နမ် စသည့်နိုင်ငံပေါင်း ၅၄ နိုင်ငံမှ ရေတပ်ဦးစီးချုပ်များ၊ နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်းများမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

    ဦးစွာ အိမ်ရှင်ဖြစ်သူ အင်ဒိုနီးရှားနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Yudo Margono က (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေး နှီးနှော ဖလှယ်ပွဲ(4th IMSS 2021) အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးကာ အင်ဒိုနီးရှားရိုးရာယဉ်ကျေးမှု အစီအစဉ်များဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် အင်ဒိုနီးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ညှိနှိုင်းကွပ်ကဲရေးမှူး နှင့် အင်ဒိုနီးရှား ဒုတိယကာကွယ်ရေးဝန်ကြီးတို့က အသီးသီးအဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။ 

    ယင်းနောက် အင်ဒိုနီးရှားနိုင်ငံ၏ မြို့ပြရှုခင်းများအား ဗွီဒီယိုဖြင့်ပြသ ကာ မိတ်ဆက်ခဲ့သည်။ ထို့နောက် နှီးနှောဖလှယ်ပွဲ ပထမနေ့အား ပင်လယ်ပြင် ရေကြောင်းစိန်ခေါ်မှုနှင့် အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ “အပြည်ပြည်ဆိုင်ရာရေကြောင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းကိစ္စများ"၊ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ “ကိုဗစ်-၁၉ရောဂါ၏ အဘက်ဘက် မှစိန်ခေါ်မှုများနှင့် နှောင့်နှေးကြန့်ကြာမှုများအား ကျော်လွှားနိုင်ရန် စစ်ဘက်နှင့် အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကဏ္ဍများ”၊ “ သင်္ဘောများ၏ ကုန်တင်ပို့မှု အခြေအနေနှင့် ဆိပ်ကမ်းအပေါ်သက်ရောက်မှုကိစ္စရပ်များ”၊ အာရှရွက်လွှင့် သင်တန်းကျောင်းအဖွဲ့အစည်းနှင့် အာရှရွက်လွှင့်ပြိုင်ပွဲအစီအစဉ်များ တည်ထောင် ခြင်းနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေး(HADR)နှင့်ပတ်သက်၍ “ဆယ်စုနှစ် အတွင်း အင်ဒို-ပစိဖိတ်ဒေသ၌ ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များနှင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့မှု”၊ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ သံတမန်ရေးနည်းလမ်းအား အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတစ်ခုကဲ့သို့ အာဆီယံဒေသအတွင်း ပြောင်းလဲကျင့်သုံးမည့်အစီအစဉ်” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးကဏ္ဍတွင် တပ်မတော်(ရေ)အနေဖြင့် အသင့်ဖြစ်မှုအဆင့်အလိုက် ပြင်ဆင်ဆောင်ရွက်သင့်သည့်အချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ 
    ယနေ့နှီးနှောဖလှယ်ပွဲတွင် ခေါင်းစဉ်များအား အပိုင်း (၃) ပိုင်းခွဲခြား၍ ရေတပ်ဦးစီးချုပ်များ၊ နိုင်ငံတကာကိုယ်စားလှယ်များနှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်းတို့မှ တာဝန်ရှိသူများက Power Point Presentation ဖြင့် အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။
    (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေးနှီးနှော ဖလှယ်ပွဲ (4th IMSS 2021) အခမ်းအနားကို ဩဂုတ်လ ၂၄ ရက်နေ့တွင် ဒုတိယနေ့ အဖြစ် “သီးသန့်စီးပွားရေးဇုန်များတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများနှင့် သတင်း ထောက်လှမ်းခြင်းဆိုင်ရာ လှုပ်ရှားမှုများနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ”၊ “ရေကြောင်းလုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်ဖလှယ်မှု တည်ဆောက်ခြင်း” နှင့် “မောင်းသူမဲ့ရေယာဉ်များအသုံးပြုခြင်းနှင့် ပတ်သက်သည့် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ရှုထောင့်များ” စသည့်ခေါင်းစဉ်များဖြင့် နှီးနှောဖလှယ်ပွဲ အား အပိုင်း (၃) ပိုင်းခွဲခြား၍ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။