(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ထားရှိသည့် နေပြည်တော်ရှိ တပ်မတော်ပန်းခြံနှင့် သူရဲကောင်းဗိမာန်(နေပြည်တော်)နှင့် ရန်ကုန်မြို့ ရှိ တော်လှန်ရေးပန်းခြံတို့၌ လာရောက်လေ့လာအပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ

(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ထားရှိသည့် နေပြည်တော်ရှိ တပ်မတော်ပန်းခြံနှင့် သူရဲကောင်းဗိမာန်(နေပြည်တော်)နှင့် ရန်ကုန်မြို့ ရှိ တော်လှန်ရေးပန်းခြံတို့၌ လာရောက်လေ့လာအပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ

 
နေပြည်တော်၊ မတ် - ၃၀

 
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် စစ်ရေးပြကွင်းကြီးရှေ့ရှိ တပ်မတော်ပန်းခြံအား ဖွင့်လှစ်ထားရှိရာ ယနေ့တွင်လည်း လာရောက်အပန်းဖြေသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ထို့အပြင် နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေး အတွက် အသက်ကိုစွန့်လွှတ်ခဲ့ရသည့် သူရဲကောင်းများအားဂုဏ်ပြုရန်နှင့် မျိုးဆက် သစ်လူငယ်များ၏စိတ်တွင် နိုင်ငံကိုချစ်သည့်စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ် စွန့်စားလိုသည့် စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်းလာစေရန်ရည်ရွယ်ချက်ဖြင့် တည် ဆောက်ထားသည့် သူရဲကောင်းဗိမာန် (နေပြည်တော်)တွင်လည်း ကျဆုံးလေပြီးသော တပ်မတော်သား သူရဲကောင်းစစ်သည်များအား လာရောက်အလေးပြုကြသူများ၊ အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူခြောက်ဦး၏ ရုပ်တုများကို လာရောက်လေ့လာကြသူ များဖြင့် စည်ကားလျက်ရှိသည်။
နေပြည်တော်ရှိ တပ်မတော်ပန်းခြံအတွင်း ရောင်စုံရေပန်းများ၊ မီးအလှများ စုံလင်စွာတပ်ဆင်ထားရှိပြီး တပ်မတော်နေ့အထိမ်းအမှတ် မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်တို့ကို ထူထောင်ခဲ့သော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား မင်းမြတ်သုံးပါး ရုပ်ထုကြီးများ ခန့်ညားထည်ဝါစွာရှိသည့်အပြင် အနီးပတ်ဝန်းကျင်တွင်လည်း ဇေယျာသီရိကုန်တိုက်၊ ကလေးကစားကွင်း၊ ရေကူးကန်၊ စားသောက်ဆိုင်များလည်းရှိကာ လာရောက်အပန်းဖြေကြသည့် မိဘပြည်သူများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ တပ်မတော်ပန်းခြံကို မတ် ၂၈ ရက်မှစတင်၍ ဧပြီ ၁ ရက်နေ့အထိ နေ့စဉ် ညနေ ၅ နာရီခွဲ မှ ည ၉ နာရီခွဲအထိ ဖွင့်လှစ်ထားရှိမည်ဖြစ်ကာ တပ်မတော် ပန်းခြံနှင့် သူရဲကောင်းဗိမာန် (နေပြည်တော်)တို့ကို မည်သူမဆို အခမဲ့ဝင်ရောက် ကြည့်ရှုအပန်းဖြေလေ့လာနိုင်ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တော်လှန်ရေးပန်းခြံတွင်လည်း မုခ်ဦးများ၊ ပန်းအလှပင်များ၊ (ကြည်း၊ ရေ၊ လေ)တံဆိပ်၊ သမိုင်းဝင်စစ်ထွက်သပြေပင် နှင့် မြင်းချည်တိုင်သပြေပင်တို့၌ မီးအလှများဆင်ယင်ထားရှိပြီး (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် တင့်ကားပုံ၊ စစ်ရေယာဉ်ပုံ၊ ရဟတ်ယာဉ်ပုံ၊ တပ်မတော်သုံးအမြောက်ပုံများကို မီးအလှဆင်ထားပြီး မီးအလှှများ၊ မီးရှူးတိုင်အလှမီး များဖြင့် လှပစွာထွန်းညှိထားရှိရာ လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိ ကြောင်း သတင်းရရှိသည်။