(၈)ကြိမ်မြောက် မြန်မာ - ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပပြုလုပ်

 

(၈)ကြိမ်မြောက် မြန်မာ - ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၂၀

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting ကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ Jasmine Ngapali Resort ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးမစတင်မီ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi တို့သည် သီးခြားတွေ့ဆုံ၍ တပ်မတော်နှစ်ရပ်အကြား ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များ ကိုဆွေးနွေးကြသည်။

ထို့နောက် (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi တို့နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ၊ နှစ်နိုင်ငံစစ်သံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး၏ မြန်မာဘက်ပူးတွဲဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကား ပြောကြား ရာတွင် ယခုကဲ့သို့(၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့် မြင့် အရာရှိကြီးများ အစည်းအဝေးကို မြန်မာ့တပ်မတော်မှ အိမ်ရှင်အဖြစ် ကျင်းပ ပြုလုပ်ခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အိမ်နီးချင်း နိုင်ငံများဖြစ်သည်နှင့်အညီ ခိုင်မာပြီး ချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေးကို ရှေးယခင် ကတည်းကပင် တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများနှင့် ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ရန် ရည်ရွယ်ပြီး မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို ၂၀၁၃ ခုနှစ်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိသည့် တပ်မတော်နှစ်ရပ်မှအရာရှိကြီးများ အပြန်အလှန် ခရီးစဉ် များ၊ (ကြည်း၊ ရေ၊ လေ) ကဏ္ဍအလိုက် အစည်းအဝေးများ၊ နယ်ခြားကော်မတီ အစည်းအဝေးများနှင့် အားကစားပြိုင်ပွဲများအား ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များ တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ အချို့သောအစည်းအဝေးများကို Video Conferencing ဖြင့်သာ ကျင်းပပြုလုပ်နိုင်ခဲ့ ကြောင်း။

ယခုကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ် အကြား အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးမှတဆင့် တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုတိုးတက် အားကောင်းလာစေရန် တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အရှိန်အဟုန်မပျက်စေဘဲ ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အခိုင်အမာပြောကြားလိုကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး၏ ထိုင်းဘက်ပူးတွဲဥက္ကဋ္ဌဖြစ်သူ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က  အဖွင့်အမှာစကား ပြောကြားရာတွင် မိမိနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များအား မြန်မာ့တပ်မတော်မှ နွေးထွေးရင်းနှီးစွာ ကြိုဆိုခဲ့သည့်အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း၊ ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် ပူးတွဲအစည်းအဝေးများ ကျင်းပနိုင်ခဲ့ခြင်း မရှိသော်လည်း မြန်မာ့ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများကို မိမိအနေဖြင့် အမြဲဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ချိန်တွင်လည်း ဆေးဘက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ယခုကဲ့သို့ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးများ ကျင်းပနိုင်ခြင်းဖြင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက် နိုင်မည့် လမ်းကြောင်းနှင့် နည်းလမ်းများကို ချမှတ်နိုင်မည့်အပြင် နယ်စပ်ဒေသရှိ တပ် ဖွဲ့များအနေဖြင့်လည်း ချမှတ်ထားသည့် လမ်းကြောင်းများအတိုင်း ပူးပေါင်းဆောင် ရွက်မှုများ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသတစ်လျှောက်ရှိ နှစ်နိုင်ငံ ပြည်သူများအတွက် အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံမှုနှင့် ဖွံ့ဖြိုး တိုးတက် ရေး လုပ်ငန်းများကို တည်ဆောက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

မိမိအနေဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ရှိရင်းစွဲ ဆက်ဆံရေးနှင့် မိတ်ဖက် ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရေး ထာဝရရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်ကို ထာဝရမိတ်ဆွေကောင်းအဖြစ် ဆက်လက် တည်ရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က အစည်းအဝေး အစီ အစဉ်များအား အတည်ပြုကြသည်။

ယင်းနောက် (၃၄) ကြိမ်မြောက် မြန်မာ-ထိုင်း နယ်ခြားကော်မတီအစည်းအဝေး ၏ ရလာဒ်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင် ကလည်းကောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့သည့်ကိစ္စရပ်များအား အခမ်းအနားမှူးကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

၎င်းနောက် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး က 8th High Level Committee Meeting ၌ ဆွေးနွေးသည့် အကြောင်း အရာများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အစည်းအဝေး သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန်လဲလှယ်ကြသည်။

၎င်းနောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် နိဂုံးချုပ်အမှာ စကားများ အသီးသီးပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့သည် အစည်းအဝေး တက်ရောက်လာကြသည့် နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အစည်းအဝေးတက်ရောက်လာကြသူများနှင့်အတူ အမှတ် တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယခုပြုလုပ်သည့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေးမှ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသမှ ပြည်သူလူထုများ အေးချမ်းတည်ငြိမ်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များကို အပြုသဘော ဆောင်စွာ ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်။

အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး တို့သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များအား နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။