CDM ဦးဆောင်လှုပ်ရှားမှု၌ပါဝင်ခဲ့သော ရွှေဝါရောင်သံဃာ ဦးစန္ဒာသီရိ(ခ)ဦးဇင်းပုရစ်နှင့် အားပေးကူညီခဲ့သူ ဦးတင်မိုးတို့အား ဖမ်းဆီးစစ်ဆေးနေသည့် သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ မတ်- ၁၉ 

၂၀၀၇ ခုနှစ် သံဃာအရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့မှုဖြင့် အကျဉ်းကျခံခဲ့ရ ပြီး ပြန်လည်လွတ်မြောက်လာချိန်မှစ၍ ရွှေဝါရောင်သံဃာ့ကွန်ရက်(ရန်ကုန်)တွင် ဦးဆောင်သံဃာတစ်ပါးအဖြစ် ပါဝင်လှုပ်ရှားလျက်ရှိသော ဦးစန္ဒာသီရိ(ခ)ဦးဇင်းပုရစ်နှင့် အစ္စလာမ်ဘာသာဝင် ဦးတင်မိုးတို့သည် ရွှေဝါရောင်သံဃာ့ကွန်ရက်(မန္တလေး)၊ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေး တပ်ဦးတို့နှင့် ချိတ်ဆက်ကာ CDM လှုပ်ရှားမှုများတွင် သံဃာတော်များပါဝင်လာစေရန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှစ၍ စည်းရုံးလှုံ့ဆော်လာခဲ့ကြောင်းသိရှိရပါသည်။

ထိုသို့ ဦးစန္ဒာသီရိ(ခ)ဦးဇင်းပုရစ်နှင့် ဦးတင်မိုးတို့၏ လှုပ်ရှားမှုများအား စောင့်ကြည့်စဉ်ကာလအတွင်းမှာပင် ၂၀၂၁ ခုနှစ်၊ မတ်လ ၆ ရက်မှစ၍ သံဃာထုဖြင့် ကံဆောင်သပိတ်ဆင်နွှဲရန် မင်းကိုနိုင်နှင့်ဂျင်မီတို့က ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၏ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးခင်အောင်ရွှေ(အစ္စလာမ်ဘာသာဝင်) နှင့် ရွှေဝါရောင်သံဃာများဖြစ်ကြသည့် ဦးစန္ဒာသီရိ(ခ)ဦးဇင်းပုရစ်၊ ဦးဩဘာသ(ခ) ဦးဇင်းနဂါး၊ ဦးပဏ္ဍဝံသ(ခ)ဦးဇင်းပြည်ကျော်တို့အား ချိတ်ဆက်စေကာ ငွေကြေး အထောက်အပံ့ရရှိရေး၊ ရန်ကုန်နှင့်မန္တလေးမှ သံဃာတော်များစုပေါင်းကာ သံဃာ တပ်ပေါင်းစုအဖြစ် ကံဆောင်သပိတ်ဆင်နွှဲရေးတို့ကို ညှိနှိုင်းလှုပ်ရှားခဲ့ကြကြောင်း သိရှိရပါသည်။ 

သို့ဖြစ်၍ ဦးစန္ဒာသီရိ(ခ)ဦးဇင်းပုရစ်နှင့် အားပေးကူညီသူ ဦးတင်မိုးတို့ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်တွင် အိမ်အမှတ်(၆)၊ လုပ်သားလမ်း၊ (င/က)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငြိမ်းချမ်းရေးအိမ်ဆောက်ပစ္စည်းဆိုင် ဖွင့်လှစ်ထားရာ ဦးတင်မိုး၏ နေအိမ်၌ ၎င်းတို့ ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရ ပါသည်။ 

အဆိုပါ တရားခံ ၂ ဦးဖြစ်သော ဦးစန္ဒာသီရိ(ခ)ဦးဇင်းပုရစ်နှင့် ဦးတင်မိုးတို့အား စစ်ဆေးမေးမြန်းချက်နှင့် ဝန်ခံထွက်ဆိုချက်များအရ ၎င်းတို့သည် ဖေဖော်ဝါရီလ ၅ ရက်မှ မတ်လ ၆ ရက်အထိ CDM လှုပ်ရှားမှုများအား ပြုလုပ်ခဲ့ကြောင်း၊ ရန်ကုန် မြို့ရှိ ဆူးလေဘုရား၊ ငါးထပ်ကြီးဘုရား၊ တရုတ်သံရုံး၊ အမေရိကန်သံရုံး၊ အင်ဒိုနီးရှား သံရုံး၊ ရုရှားသံရုံး၊ ထိုင်းသံရုံး ရှေ့တို့တွင်လည်းကောင်း၊ သာကေတမြို့နယ်၊ တာမွေ မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် မြေနီကုန်းတံတား အောက်တို့တွင်လည်းကောင်း လှည့်လည် ဆန္ဒပြလှုပ်ရှားခဲ့ကြကြောင်း သိရှိရပါသည်။ 

ဦးစန္ဒာသီရိ(ခ)ဦးဇင်းပုရစ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် မြေနီကုန်းတံတားအောက်၌ ဆန္ဒပြလှုပ်ရှားနေစဉ် ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေး တပ်ဦးခေါင်းဆောင် ကျော်ကိုကိုနှင့်တွေ့ဆုံခဲ့ပြီး General Strike Committee (GSC) ဖွဲ့စည်းလှုပ်ရှားနိုင်ရေး၊ ဦးစန္ဒာသီရိ(ခ)ဦးဇင်းပုရစ်အား GSC သပိတ်ကော်မတီ၏ နာယကအဖြစ် ဆောင်ရွက်ပေးရေး ကျော်ကိုကိုမှ ကမ်းလှမ်းတောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။ 

အဆိုပါ General Strike Committee အား ရွှေဝါရောင်သံဃာကွန်ရက်၊ ၈၈ မျိုးဆက်ဘင်္ဂါလီလူငယ်ကွန်ရက်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာမွတ်စလင်အင်အားစုအဖွဲ့တို့ အပါအဝင် အဖွဲ့ပေါင်း ၂၃ ဖွဲ့ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖွဲ့စည်းခဲ့ ကြောင်း၊ ဖွဲ့စည်းကြောင်းကြေညာချက်ကိုလည်း Online မှတစ်ဆင့် ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ 

ထို့နောက် ၂၀၂၁ ခုနှစ်၊ မတ်လ ၆ ရက်တွင် မင်းကိုနိုင်နှင့် ဂျင်မီတို့က တာဝန်ပေးစေခိုင်းခဲ့သဖြင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ဘဏ္ဍာရေးမှူး ဦးခင်အောင်ရွှေမှ ဦးစန္ဒာသီရိ(ခ)ဦးဇင်းပုရစ်၊ ဦးဩဘာသ(ခ)ဦးဇင်းနဂါး၊ ဦးပဏ္ဍဝံသ(ခ)ဦးဇင်းပြည်ကျော်တို့အား ဆက်သွယ်ကာ သံဃာများအနေဖြင့် ကံဆောင် သပိတ်ဆင်နွှဲစေလိုသည်ဟု ပြောကြားခဲ့ရာ ကံဆောင်သပိတ်အား လာမည့်တပေါင်း လပြည့်နေ့တွင် စတင်နိုင်ရန်အတွက် ဦးဩဘာသ(ခ)ဦးဇင်းနဂါးသည် မန္တလေးသံဃာများ ပူးပေါင်းပါဝင်ရန် တာဝန်ယူခဲ့ပြီး ဦးစန္ဒာသီရိအနေဖြင့် မဟာဂန္ဓာရုံစာသင်တိုက် (မရမ်းကုန်း)၊ နေနတ်သားစာသင်တိုက်(ကြည့်မြင်တိုင်)၊ အောင်မင်္ဂလာစာသင်တိုက် (အလုံ)စသည့် ကျောင်းတိုက်များမှ သံဃာများပူးပေါင်း ပါဝင်လာရေး စည်းရုံးရန် တာဝန် ယူခဲ့ကြောင်း၊ ငွေကြေးထောက်ပံ့မှုနှင့်ပတ်သက်၍ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ဘဏ္ဍာရေးမှူး ဦးခင်အောင်ရွှေက ၎င်း၏ မြန်မာမွတ်စလင် အသိုက်အဝန်း(Myanmar Muslim Community)ရှိ လှူဒါန်းလိုသူများထံမှ ငွေကြေး ကောက်ခံ၍ လှူဒါန်းနိုင်ရေး တာဝန်ယူခဲ့ကြောင်း တရားခံ ၂ ဦး၏ ဝန်ခံပြောဆိုချက် များအရ သိရှိရပါသည်။ 

သို့ဖြစ်ပါ၍ အဆိုပါ တရားခံ ၂ ဦးနှင့် ဆက်စပ်တရားခံများအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေး တရားဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မိဘပြည်သူများအနေဖြင့် အဆိုပါ ဆက်စပ်တရားခံများအား ဝိုင်းဝန်းဖမ်းဆီးနိုင်ပါရန်နှင့် တွေ့ရှိပါက နီးစပ်ရာနယ်မြေခံတပ်၊ ရဲစခန်းများသို့ အကြောင်း ကြားပေးပါရန်၊ လက်ခံထားသူများကိုလည်း ဥပဒေနှင့်အညီထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။