Corona Vac ကာကွယ်ဆေးက ရောဂါလက္ခဏာပြသော ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကို ၅ ရာခိုင်နှုန်းကာကွယ်နိုင်ဟုဆို

ဂျကာတာ၊ ကျန်းမာရေး

တရုတ်နိုင်ငံ   ဆိုင်နိုဗက်ကုမ္ပဏီက ထုတ်လုပ်ထားသော Corona Vac အမည်ရှိ ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးသည် ရောဂါ လက္ခဏာပြသော ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကို ၈၅ ရာခိုင်နှုန်းကာကွယ်နိုင်ကြောင်း အင်ဒိုနီးရှားအစိုးရက သုတေသန တစ်ခုတွင် ထုတ်ပြန်ထားသည်။

ထို့ပြင် အဆိုပါကာကွယ်ဆေးသည် သက်ကြီးရွယ်အိုများအနေဖြင့်  ရောဂါကူးစက်ခံရပြီးနောက် ဆေးရုံတက်ရောက်ရမှုကို ၉၂ ရာခိုင်နှုန်း ကာကွယ်ပေးကြောင်း သိရသည်။ အလားတူ  ရောဂါကူးစက်မှုကြောင့် သေဆုံးမှုကိုလည်း ၉၅ ရာခိုင်နှုန်း ကာကွယ်ပေး နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်တွေ့ရသည်။

အဆိုပါသုတေသနသည် အသက် ၆၀ ကျော်ရှိ ဂျကာတာမြို့နေ ပြည်သူ ၈၆၉၃၆ ဦးအပေါ် လေ့လာခြင်းဖြစ်ကာ ယခုနှစ် မတ်လမှ ဧပြီလအတွင်း  လုပ်ဆောင်ခြင်းဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် အဆိုပါကာကွယ်ဆေးနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ထမ်း ၂၅၃၇၄ ဦးအပေါ် ဇန်နဝါရီလမှမတ်လအတွင်းလေ့လာရာတွင် ရောဂါကူးစက်ခံရပြီးနောက် ဆေးရုံတက်ရောက်ကုသရမှုကို   ၉၆ ရာခိုင်နှုန်း၊ ရောဂါကူးစက်မှုကို  ၉၄ ရာခိုင်နှုန်းနှင့်  ရောဂါကူးစက်မှုကြောင့်   သေဆုံးမှုနှုန်းကို  ၁၀၀ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း   တွေ့ရသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုနှစ်ကုန်အရောက်တွင် နိုင်ငံ့လူဦးရေ၏ လေးပုံသုံးပုံ သို့မဟုတ် အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ဆယ်ကျော်သက်များအပါအဝင်  လူဦးရေ ၂၁၄ သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ရန်ရည်မှန်းထားပြီး    လက်ရှိတွင်လူဦးရေသန်း ၂၀ ကျော်ကို ကာကွယ်ဆေးအပြည့်အဝထိုးပေးပြီးဖြစ်ကြောင်း သတင်းဌာနတစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: TST