COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား   စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား   စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

နေပြည်တော်၊ ဇူလိုင် - ၂၄
    
Coronavirus Disease 2019 (COVID-19)   ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းနှင့် မော်လမြိုင်မြို့ရှိ တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းသို့ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသူ အမျိုးသား ၁ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၇ ဦး၊ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၂ ဦး၊ ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၄ ဦးနှင့် မော်လမြိုင်မြို့ရှိ တည်းခိုရေးစခန်းသို့ ထပ်မံရောက်ရှိလာ သူမရှိကြောင်း သိရသည်။
    
စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၂၁ ဦးနှင့် လှိုင်မြို့နယ်စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၃၈ ဦးတို့ကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ Quarantine  စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။ ထို့ပြင် နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ အမျိုးသမီး ၁ ဦးသည် အမျိုးသမီးရောဂါဖြင့် ပုဗ္ဗသီရိ မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
    
ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၃၆၇ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၂၂၅ ဦး၊ ရွှေညောင် မြို့ရှိ တည်းခိုရေးစခန်း၌ ၆၇ ဦးနှင့် မော်လမြိုင်မြို့ရှိ တည်းခိုရေးစခန်း၌ ၉၈ ဦးတို့ကို အသီးသီး လက်ခံထားရှိပြီး စောင့်ကြည့်လူနာ အားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းနှင့် အဆိုပါသီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။