GAVI COVAX Facility မှ ကျန်းမာရေး ဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်း ပူးတွဲဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်

GAVI COVAX Facility မှ ကျန်းမာရေး ဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်း ပူးတွဲဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်

ရက်စွဲ။  ၅-၁ဝ-၂ဝ၂၁

၁။      မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွား/သေဆုံးမှုကို လျှော့ချရန်၊ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့်  ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက် ရှိပါသည်။

၂။      မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရရှိရန်အတွက် ၂ဝ၂ဝ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင် စတင်၍ GAVI COVAX Facility နှင့် ညှိနှိုင်းခြင်း၊ ကာကွယ်ဆေး ထုတ်လုပ်သည့် မိတ်ဆွေနိုင်ငံများနှင့်  နိုင်ငံအချင်းချင်း (Bilateral)ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေး (၃ဝ)သန်း dosesအား စာချုပ်ချုပ်ဆို၍  ဝယ်ယူခဲ့ပါသည်။ သို့ရာတွင် COVAX Facility မှ ၎င်း၏ အခြားအဖွဲ့ဝင် နိုင်ငံများသို့ Round-4  အထိ ကာကွယ်ဆေး ပံ့ပိုးမှုများ ဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံသို့ ယနေ့အချိန်အထိ ကာကွယ်ဆေးများ  ပို့ဆောင်မှု မရှိသေးဘဲ  ပို့ဆောင်မည့် ကာလနှင့်ပတ်သက်၍ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ခြင်းများ ရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံတွင် ရောဂါဖြစ်ပွားမှု အခြေအနေအရ ကာကွယ်ဆေးတင်ပို့ခြင်းကို  ခေတ္တရပ်ဆိုင်းထားခဲ့ပြီး မြန်မာနိုင်ငံသို့ ကာကွယ်ဆေး လှူဒါန်းမှု (၁.၅) သန်း doses နှင့် ဝယ်ယူမှု (၂)သန်း doses စုစုပေါင်း (၃.၅) သန်း  doses သာ ပို့ဆောင်နိုင်ခဲ့ပါသည်။

၃။      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထပ်မံရရှိရေးနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးတို့ကို အထူးဦးစားပေး လုပ်ငန်းများအဖြစ် လမ်းညွှန်မှု၊ ပံ့ပိုးမှုများ ပေးအပ်ခဲ့ရာ ၂-၁ဝ-၂ဝ၂၁ ရက်အထိ နိုင်ငံတော်၏ အစီအစဉ်ဖြင့် ဝယ်ယူထားသော ကာကွယ်ဆေးနှင့် မိတ်ဆွေနိုင်ငံများမှ လှူဒါန်းသော ကာကွယ်ဆေး စုစုပေါင်း (၂၃) သန်းကျော် doses အား လက်ခံရရှိ ပြီးဖြစ်ပါသည်။ ဆက်လက်၍ ၂ဝ၂၁ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ဝယ်ယူထားခြင်းနှင့် လှူဒါန်းခြင်းမှ ကာကွယ်ဆေး (၁၄) သန်း  doses ထပ်မံရရှိမည်ဖြစ်ပါသည်။ ပြည်တွင်း၌ ကာကွယ်ဆေး ထုတ်လုပ် နိုင်ရေးကိုလည်း မိတ်ဆွေနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တင်သွင်းထိုးနှံရာတွင် ပုဂ္ဂလိက ကဏ္ဍမှလည်း ကျယ်ပြန့်စွာ ပါဝင် ဆောင်ရွက်ခြင်း ပြုနိုင်ရန်အတွက် စနစ်တကျ တင်သွင်းခွင့်ပြုလျက် ရှိပါသည်။

၄။      နိုင်ငံတော်၏ အစီအစဉ်ဖြင့် ဝယ်ယူထားသော ကာကွယ်ဆေးများ၊ လှူဒါန်းမှုများမှ ရရှိသော ကာကွယ်ဆေးများနှင့် ပုဂ္ဂလိကကဏ္ဍမှ တင်သွင်းသော ကာကွယ်ဆေးများကို အသုံးပြု၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ရေးဆွဲထားသည့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး စီမံချက် f (Myanmar National COVID-19 Vaccine Deployment Plan)အရ အသက် အုပ်စုအလိုက် ပြည်သူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အကျဉ်းထောင်/ အချုပ်ထောင်မှ အကျဉ်းသားများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီစခန်းများတွင် ရောက်ရှိနေသူများ၊ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသားလူငယ်များ စသည်ဖြင့် ဦးတည်အုပ်စု (၂၄) ခု သတ်မှတ်၍ ဦးစားပေး အစီအစဉ်များ အလိုက် ကာကွယ်ဆေးထိုးနှံခြင်း စီမံခန့်ခွဲမှု သတင်းအချက်အလက် စနစ် ((Vaccine Management Information SystemVMIS))တွင် စနစ်တကျ ထည့်သွင်း၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါသည်။ ထိုသို့ထိုးနှံပေးရာတွင် မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးနှင့် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျား/မ၊ လူမှုစီးပွား အဆင့်အတန်း၊ နိုင်ငံရေး နှီးနွှယ်မှုအရ ခွဲခြားခြင်း မပြုဘဲ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကာကွယ်ဆေး ထိုးနှံပြီးပါကလည်း ထိုးနှံပြီးကြောင်း  QR code ပါရှိသည့် လက်မှတ်များကိုလည်း ထုတ်ပေးလျက်ရှိပါသည်။

၅။      ၂၇-၁-၂ဝ၂၁ ရက်နေ့မှ ၄-၁ဝ-၂ဝ၂၁ ရက်နေ့အထိ လူဦးရေ စုစုပေါင်း ၈.၆၈ သန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီး ဖြစ်ပါသည်။ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၃.၉၂) သန်း၊ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ၏ (၁ဝ.၆၃) ရာခိုင်နှုန်းခန့်ကို အကြိမ်ပြည့် ထိုးနှံပေးပြီးဖြစ်ပါသည်။ ပထမအကြိမ် ထိုးနှံပြီးသူမှာလည်း (၄.၇၆) သန်းရှိပါ၍ စုစုပေါင်းအကြိမ်ရေ (၁၂.၆)သန်း ထိုးနှံပြီးဖြစ်ကာ ရည်မှန်း ကာကွယ်ဆေး အကြိမ်ရေ၏ (၁၇.ဝ၈)ရာခိုင်နှုန်းအား ထိုးနှံပြီးဖြစ်ပါ သည်။ ဆက်လက်၍လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေး လွှမ်းခြုံမှုများ အပြည့်အဝ ရရှိစေရေးအတွက် မိမိတို့ရရှိထားသည့် ကာကွယ်ဆေးများဖြင့်  ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၆။      ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်များ အပါအဝင် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ  ဆောင်ရွက်ရာနေရာများကို တရားမဝင် အဖွဲ့အစည်းများနှင့် အကြမ်းဖက် အဖွဲ့အစည်းများမှ ၃ဝ-၉-၂ဝ၂၁ ရက်နေ့အထိ အကြမ်းဖက် တိုက်ခိုက်မှု (၁၆)ကြိမ် ပြုလုပ်ခဲ့ခြင်းကြောင့်သာ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ဆောင်ရွက်နေသူများနှင့် ကာကွယ်ဆေး လာရောက်ထိုးနှံသူများတွင် အသက်သေဆုံးသည်အထိ ဖြစ်ပွားခြင်းနှင့် ထိခိုက်ဒဏ်ရာရ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။

၇။      ဤကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုများ အပါအဝင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ ရှိသော်လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှု၊ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ စီမံခန့်ခွဲမှု၊ Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုတို့ဖြင့် ကျန်းမာရေး ဝန်ကြီးဌာနသည် နှီးနွှယ်ဝန်ကြီးဌာနများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေး အဖွဲ့အစည်း များနှင့် ဟန်ချက်ညီညီ ပူးပေါင်း၍ ဓာတ်ခွဲနမူနာများ တိုးမြှင့်စစ်ဆေးပေးခြင်း အပါအဝင် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု တတိယလှိုင်း၌ အခြားကမ္ဘာ့ နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် ဒယ်လ်တာမျိုးဗီဇပြောင်း ရောဂါပိုးကြောင့် ရောဂါဖြစ်ပွားမှုနှင့် ပိုးတွေ့ရှိမှုနှုန်း မြင့်မားခဲ့သော်လည်း ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု အားကောင်း လာသည်နှင့်အတူ ရောဂါဖြစ်ပွားမှုနှင့် ပိုးတွေ့ရှိမှုနှုန်းများ သိသာစွာ ကျဆင်းလျက်ရှိရာ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအနေဖြင့် အမှတ်စဉ်(၆)၊ သေဆုံးမှုအနေဖြင့် အမှတ်စဉ်(၅)နေရာတွင် ရှိနေပါသည်။

၈။      ၂၈-၇-၂ဝ၂၁ ရက်နေ့တွင် GAVI အဖွဲ့မှ လာရောက်၍ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး Pfizer ကာကွယ်ဆေးများ ပံ့ပိုးပေးနိုင်ရေး UNICEF အဖွဲ့မှ အအေးလမ်းကြောင်း အဆင်သင့် ဖြစ်စေရေးအတွက့် Ultra Cold Chain ရေခဲသေတ္တာများနှင့် ကာကွယ် ဆေးထိုးနှံရန် လိုအပ်သည့်ဆေးထိုးအပ် AD Syringe 0.5 ml များ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းခဲ့ပါသည်။ ၎င်းအပြင် ၃-၈-၂ဝ၂၁၊  ၁၂-၈-၂ဝ၂၁၊ ၁၆-၈-၂ဝ၂၁ နှင့် ၂၃-၈-၂ဝ၂၁ ရက်နေ့တို့တွင် GAVI, WHO နှင UNICEFအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့ အခြေစိုက် WHO, UNICEF ရုံးမှ ကိုယ်စားလှယ်များ ပါဝင်၍ ကမ္ဘာ့နိုင်ငံများသို့ Round-5 အဖြစ် ကာကွယ်ဆေး ပံ့ပိုးရာတွင် မြန်မာနိုင်ငံသို့ Pfizer ကာကွယ်ဆေး ၄ဝ၄၈၂ဝဝ doses နှင့် Round-6 အဖြစ် Sinovac ကာကွယ်ဆေး ၂၂၄၂၈ဝဝ doses ကိုပံ့ပိုးပေးနိုင်ရေး ကျန်းမာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။

၉။      သို့ဖြစ်ပါ၍ GAVI COVAX Facility မှ ကာကွယ်ဆေးများ ပံ့ပိုးပေးမည်ဆိုပါက Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု၊ ကျန်းမာရေး ဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာန များ၏ ဦးဆောင်မှုများနှင့် ကာကွယ် ဆေးထိုးနှံခြင်း စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Vaccine Management Information System-VMIS) (vmis@mohs.gov.mm)တွင် ထည့်သွင်း၍ စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန