Liquid Oxygen မှ Medical Oxygen ဓာတ်ငွေ့သို့ ထုတ်လုပ်ပေးမည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်ပြီးစီး၊ တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာဝင်အလုံး ၄၄၀ စတင်စမ်းသပ်ထုတ်လုပ်

Liquid Oxygen မှ Medical Oxygen ဓာတ်ငွေ့သို့ ထုတ်လုပ်ပေးမည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်ပြီးစီး၊ တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာဝင်အလုံး ၄၄၀ စတင်စမ်းသပ်ထုတ်လုပ်

နေပြည်တော်၊ သြဂုတ် ၄ 

    ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက် ရှိပြီး ပိုးတွေ့လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်များ ပြည့်မီစေရန် တပ်မတော်က ထောက်ပံ့လှူဒါန်းမှုများ ဆောင်ရွက်ပေးလျက်ရှိရာ အောက်ဆီ ဂျင် လိုအပ်ချက်များကို ပိုမိုဖြည့်တင်းနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံကြီး (ကုတင်-၁၀၀၀)၌ တည်ဆောက်နေသည့် Liquid Oxygen မှ Medical Oxygen ဓာတ်ငွေ့သို့ ထုတ်လုပ်ပေးမည့် အောက်ဆီဂျင် စက်ရုံပြီးစီး၍ ယနေ့တွင် အောက်ဆီဂျင် ၄၀ လီတာဝင် ၄၄၀ လုံး စတင်စမ်းသပ် ထုတ်လုပ် နေပြီဖြစ်ကြောင်း သိရှိရသည်။
  

 အဆိုပါ စက်ရုံသည် Liquid Oxygen တန် ၅၀ ဆံ့ Tank မှ Medical Oxygen ဓာတ်ငွေ့သို့ ထုတ်လုပ်ပေးနိုင်မည့်စက်ရုံဖြစ်ပြီး ဇူလိုင် ၁၂ ရက်မှ စတင်၍ ဆောက်လုပ်ရေးလုပ်သား အင်အား ၆၀ ဉီးခန့်ဖြင့် နေ့ညအဆိုင်းခွဲပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ 
    

စက်ရုံအတွက် လိုအပ်သည့် Liquid Oxygen များကို ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၏ အစီအစဉ်ဖြင့် ပြည်ပမှတင်သွင်းရယူသွားမည်ဖြစ်ရာ ပြည်ပမှမှာယူတင်သွင်းထားသည့် Liquid Oxygen ၂၅ တန် သယ်ဆောင် လာသောမော်တော်ယာဉ်သည် သြဂုတ် ၃ ရက်တွင် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံကြီး (ကုတင်-၁၀၀၀)သို့ ရောက်ရှိပြီး ဖိအားမြင့် အောက်ဆီဂျင်ကန် အတွင်းသို့ ကျွမ်းကျင်သူနည်းပညာရှင်များက ဖြည့်သွင်းပေးကြသည်။ ထိုသို့ ဖြည့်သွင်းပေးလျက်ရှိ သည့်အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဉီးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
    

လက်ရှိတွင် အဆိုပါ စက်ရုံမှ တစ်နာရီလျှင် Medical Oxygen ဓာတ်ငွေ့ ၄၀ လီတာဝင် ၄၀ လုံးစတင်စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး နောက်ပိုင်းတွင် တစ်နာရီလျှင် ၄၀ လီတာဝင် ၆၀ လုံး၊ စက်စွမ်းအားပြည့် ၈ နာရီလည်ပတ်၍ ၄ နာရီနားစနစ်ဖြင့် တစ်နေ့ ၁၆ နာရီအတွက် Medical Oxygen ဓာတ်ငွေ့ ၄၀ လီတာဝင် ၉၆၀ လုံးထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ ၎င်းတို့ကို ဆေးရုံများနှင့် ရောဂါကုသရေးစင်တာများသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း နှင့် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင် မည် ဖြစ်ကြောင်းသိရှိရသည်။