mRNA နည်းပညာသုံးကာကွယ်ဆေးက အခြားကာကွယ်ဆေးများထက် ပဋိပစ္စည်း ၁၀ ဆကျော်ပိုမိုထွက်ရှိ

ဟောင်ကောင်၊ ကျန်းမာရေး

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများတွင် mRNA နည်းပညာ အသုံးပြုကာကွယ်ဆေးက အခြားသောကာကွယ်ဆေးများ အထူးသဖြင့် အသက်ဝင်မှုမရှိတော့သည့် ရောဂါပိုး  ထည့်သွင်းအသုံးပြုထားသော ကာကွယ်ဆေးထက် ကိုဗစ်-၁၉ ရောဂါပိုး ကိုတိုက်ထုတ် နိုင်သည့် ပဋိပစ္စည်းပမာဏ ၁၀ ဆကျော်ပိုမိုထွက်ရှိကြောင်း ဟောင်ကောင်သုတေသနတစ်ခုတွင်တွေ့ရသည်။

ဟောင်ကောင်သုတေသနပညာရှင်များသည် mRNA နည်းပညာအသုံးပြုထားသည့် ဖိုင်ဇာ-ဘိုင်အိုအန်တက်ကာကွယ် ဆေးထိုး ထားသော ကျန်းမာရေးဝန်ထမ်းများနှင့် အသက်ဝင်မှုမရှိတော့သည့် ရောဂါပိုး ထည့်သွင်းအသုံးပြုထားသော ဆီနိုဗက်ဘိုင်အို တက်ကုမ္ပဏီထုတ် ကာကွယ်ဆေးထိုးထားသည့် ကျန်းမာရေးဝန်ထမ်းများကို လေ့လာမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့လေ့လာရာတွင် ပထမအုပ်စု၌ပါဝင်သူများတွင်ထွက်ရှိနေသည့် ရောဂါပိုးကို တိုက်ဖျက်နိုင်သော ပဋိပစ္စည်းပမာဏ က ဒုတိယအုပ်စုတွင်  ပါဝင်နေသူများရှိပဋိပစ္စည်းပမာဏထက် ၁၀ ဆပိုမိုများပြားနေသည်ကိုတွေ့ရခြင်းဖြစ်သည်။ ရောဂါကိုတိုက် ဖျက်နိုင်သည့် ပဋိပစ္စည်းအရေအတွက်သည် ကိုယ်ခံအားဖြစ်ပေါ်မှုနှင့် ကာကွယ်ဆေး၏ အာနိသင်သက်ရောက်မှုတို့အတွက် ထည့်သွင်းရေတွက်ခြင်းမရှိသော်လည်း ယခုသုတေသနတွင်ပါဝင်သည့် ရောဂါပိုးကိုတိုက်ထုတ်နိုင်သောပဋိပစ္စည်းပမာဏသည် ကာကွယ်ဆေး၏အာနိသင်အပေါ်   များစွာသက်ရောက်ကြောင်း သုတေသီများက ပြောသည်။

ထို့ကြောင့် mRNA နည်းပညာအသုံးပြုကာကွယ်ဆေးများသည် သမားရိုးကျနည်းလမ်း အသုံးပြုကာကွယ်ဆေးများထက် မူလကိုဗစ်-၁၉ ရောဂါပိုးနှင့်ဗီဇပြောင်းရောဂါပိုးများကိုကာကွယ်ရေးတွင် ပိုမိုထိရောက်မှုရှိကြောင်း ဇူလိုင် ၁၅ ရက်ထုတ် သုတေသန အစီရင်ခံစာ အရသိရသည်။

Ref: Bloomberg