Mytel မှ ကလေးငယ် ၃၄ ဦးအား ခွဲစိတ်ကုသမှု အတွက် ငွေကြေးများ ပံ့ပိုးကူညီ

မြန်မာနိုင်ငံ၏  အကောင်းဆုံး အော်ပရေတာ Mytel  သည် မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ အနာဂတ်ဘဝ သာယာ လှပစေရေးနှင့်  သက်သာဖူလုံစေရေး အတွက်  ရည်ရွယ် တည်ထောင်ထားသည့် Empower My Children ဖောင်ဒေးရှင်း မှတစ်ဆင့်  မွေးရာပါနှလုံးရောဂါရှိသော ကလေးငယ် ၃၄ ဦးအား  ခွဲစိတ်ကုသမှု အတွက်   လိုအပ်သည့်ငွေကြေးများ ပံ့ပိုး ကူညီပေးခဲ့ကြောင်း သိရသည်။

Empower My Children ဖောင်ဒေးရှင်းသည်   မြန်မာတစ်နိုင်ငံလုံးရှိ ကလေးငယ်များ၏ ဘဝများစွာကို သာယာလှပစေမည့် Mytel  ၏ ရေရှည်စီမံကိန်းမှ   ပထမဆုံး ခြေလှမ်းဖြစ်ကြောင်းနှင့် ထိုစီမံကိန်း၏    လှူဒါန်း ကူညီမှုတိုင်းအတွက် Mytel  က ရာနှုန်းပြည့် ငွေကြေး ပံ့ပိုးမှုများ    ပြုလုပ်နေပြီး တစ်လလျှင် အမေရိကန်ဒေါ်လာ ၅ဝဝဝဝ အသုံးပြုမည်ဖြစ်သည်။

'' Mytel အနေနဲ့ အခုလို လူမှုအကျိုးပြု ဖောင်ဒေးရှင်း တည်ထောင်ပြီး မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ဘဝတွေ ပိုမိုသာယာ လှပလာဖို့ ကူညီမှုတွေကို အဆက် မပြတ်ပြုလုပ် လာခဲ့တာပါ''  ဟု Mytel Myanmar  ၏ ပြင်ပဆက်ဆံရေး အရာရှိ ချုပ်  ဒေါက်တာဒေါ်နီလာအေးကပြော သည်။

Empower My Children ဖောင်ဒေးရှင်းကို  Mytel ၏ (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယခုနှစ် ဇွန်  ၅  ရက်က  တရားဝင်   စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ကြောင်း၊  ယင်းဖောင်ဒေးရှင်း စတင်ချိန်မှ ယနေ့အချိန်ထိ   မွေးရာပါ နှလုံးရောဂါရှိသော ကလေးငယ် ၃၄ ဦးအား ခွဲစိတ်ကုသမှုအတွက် လိုအပ်သည့် ငွေကြေးများ ပံ့ပိုး ကူညီခဲ့ပြီးဖြစ်ရာ    စုစုပေါင်း လှူဒါန်းမှု  ငွေကျပ် သိန်း ၈၅ဝ အထိ လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။