NATO နှင့် ယူကရိန်းက ပူးတွဲစစ်ရေး လေ့ကျင့်စဉ် ရုရှားက ပင်လယ်နက်အတွင်း လက်နက်များ ပစ်ခတ်လေ့ကျင့်

NATO တပ်ဖွဲ့နှင့် ယူကရိန်း စစ်ဘက်တို့က ပင်လယ်နက်အတွင်း ပူးတွဲစစ်ရေး လေ့ကျင့်နေစဉ် ရုရှားရေတပ်မှ စစ်ရေယာဉ်များက ထိုပင်လယ်အတွင်းမှာပင် ကျည်စစ်ကျည်မှန်အသုံးပြုပြီး    လက်နက်များ ပစ်ခတ်လေ့ကျင့်ကြောင်း  ပင်လယ်နက် ရေယာဉ်စုက ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ခရိုင်းမီးယား ရေပြင်အတွင်း ဝင်ရောက်လာသည့် ဗြိတိန် ဖျက်သင်္ဘောတစ်စင်းကို ရုရှားက မောင်းထုတ်သည့်အနေဖြင့် သတိပေး ပစ်ခတ်မှုများနှင့် ထိုသင်္ဘောသွားရာ လမ်းတစ်လျှောက်တွင် ဗုံးများချခြင်းကို ဆောင်ရွက်ပြီးနောက် ယခုကဲ့သို့   အင်အားပြစစ်ရေး လေ့ကျင့်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းနှင့် အမေရိကန်တို့ဦးဆောင်ပြုလုပ်သည့် Sea Breeze စစ်ရေးလေ့ကျင့်ခန်း မလုပ်မီ ထိုလေ့ကျင့်ခန်းကို ဖျက်သိမ်းရန် ရုရှားအစိုးရက  တောင်းဆိုထားဖူးပြီး လေ့ကျင့်ခန်းကို မဖျက်သိမ်းပါက ရုရှားဘက်က နိုင်ငံတော် လုံခြုံရေးကို ကာကွယ်သည့် အနေဖြင့် လိုအပ်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောထားသည်။

Sea Breeze 2021 စစ်ရေးလေ့ကျင့်ခန်းသည် သီတင်းပတ်နှစ်ပတ် ကြာမြင့်မည်ဖြစ်ပြီး NATO  တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များမှ စစ်သည်အင်အား ၅ဝဝဝ ခန့်၊ စစ်သင်္ဘောအစင်း ၃ဝ နှင့် လေယာဉ်အစင်း ၄ဝ ခန့်တို့ အပြင် အမေရိကန်မရိန်း တပ်ဖွဲ့စစ်သည်များလည်း ပါဝင်သည်။

ရုရှားရေတပ်က ယခုလုပ်သည့်စစ်ရေး လေ့ကျင့်ခန်းတွင်  အကြီးစား ကမ်းတက် သင်္ဘောနှစ်စင်းက ပင်လယ်နက်အတွင်းရှိ ရေပြင်နှင့် ဝေဟင်ပစ်မှတ်များကို ပစ်ခတ်ခြင်းဖြစ်ကြောင်း ပင်လယ်နက်ရေယာဉ်စုက ထုတ်ပြန်ထားသည်။

ရုရှားစစ်ဘက်က ခရိုင်းမီးယားရှိ ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များကို စမ်းသပ်ပြီးနောက် နှစ်ရက်အကြာတွင် ယခုကဲ့သို့ ကျည်စစ်ကျည်မှန် အသုံးပြုစစ်ရေးလေ့ကျင့်ခန်းကို  ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။